သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ်ကို သမ္မတ Trump ဖိတ်ကြားမှု မြန်မာသံအမတ်ကြီး အတည်ပြု


၂၀၁၇ ခုနှစ်က ဖိလစ်ပိုင်တွင်ကျင်းပသည့် အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတွင် တွေ့ရသည့် အမေရိကန်သမ္မတ Donald Trump နှင့် ဒေါ်အောင်ဆန်းစုကြည်။ (နိုဝင်ဘာ ၁၃၊ ၂၀၁၇)
၂၀၁၇ ခုနှစ်က ဖိလစ်ပိုင်တွင်ကျင်းပသည့် အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတွင် တွေ့ရသည့် အမေရိကန်သမ္မတ Donald Trump နှင့် ဒေါ်အောင်ဆန်းစုကြည်။ (နိုဝင်ဘာ ၁၃၊ ၂၀၁၇)

(Zawgyi / Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကို လာရောက်ဖို့ သမ္မတ Donald Trump ရဲ့ ဖိတ်ကြားချက်ကို ပို့ဆောင်ထားပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အတည်ပြု ပြောဆိုပါတယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စကို အဓိကထား ဆွေးနွေးမယ့် အမေရိကန်-အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲကနေ မြန်မာနိုင်ငံအနေနဲ့ ဘာတွေ မျှော်လင့်နိုင်ပါသလဲ၊ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကျင်းပဖို့ရှိတဲ့ အမေရိကန်-အာဆီယံ အထူး ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်သမ္မတ Donald Trump က ဖိတ်ကြားထားပါတယ်။ ဒီဖိတ်ကြားချက်ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ နေပြည်တော်ကို ပို့ထားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“အမေရိကန်သမ္မတ Trump ကနေပြီးတော့ အာဆီယံခေါင်းဆောင်တွေကို ဖိတ်ကြားထားတဲ့ ကိစ္စကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဘန်ကောက်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ သူ့ရဲ့ကိုယ်စားတက်တဲ့ အမျိုးသားလုံခြုံရေးအရာရှိ Robert O’Brien ကနေပြီးတော့ အာဆီယံခေါင်းဆောင်တွေကို သူက ဖိတ်ကြားထားတဲ့ ဖိတ်စာနဲ့ ပတ်သက်တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ဝါရှင်တန်မှာ အခြေစိုက်တဲ့ အာဆီယံ သံအမတ်တွေကိုလည်း အိမ်ဖြူတော်အရာရှိတွေက ကျနော်တို့ကို ၉ ရက်နေ့တုန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ အမေရိကန်ဘက်က အလေးထားတယ်။ အာဆီယံဘက်ကနေပြီးတော့ တုံ့ပြန်မှုကို စောင့်မျှော်နေပါတယ် ဆိုပြီးတော့ ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ကတော့ နေပြည်တော်ကို သတင်းပို့ပြီးပြီ။ နေပြည်တော်က ပြန်ကြားချက်ကို ကျနော်တို့ စောင့်နေပါတယ်။”

အမေရိကန်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကြား ကျင်းပမယ့် အထူး ထိပ်သီးဆွေးနွေးပွဲမှာတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကို အဓိကထား ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ပြောပါတယ်။

“ကျနော်တို့ကို အိမ်ဖြူတော်က ရှင်းပြခဲ့စဉ်တုန်းကတော့ အခုနှစ်လာမယ့် US-ASEAN Special Summit ရဲ့ သူ အဓိက ဆွေးနွေးမယ့်ကိစ္စက Human Development ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောတာဖြစ်ပါတယ်တဲ့။ ဆိုလိုတာကတော့ အမေရိကန်နိုင်ငံဆိုရင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် သူတို့ အင်မတန် အလေးထားတယ်ဆိုတဲ့ဟာကို ပြောမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က ဇန်နဝါရီလ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ဌာနမှာ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အထူးဟောပြောချက်မှာတော့ အမေရိကန်ဘက်က မြန်မာနိုင်ငံအပေါ် အကူအညီတွေ ထပ်တိုးပေးမယ့် အကြောင်း အခုလို ထည့်သွင်း ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့တွေ သိသိသာသာ တိုးမြှင့်ထားတဲ့ အသုံးစရိတ်သစ်ကို ပြီးခဲ့တဲ့လတုန်းကပဲ သမ္မတ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါကြောင့်လည်း အခုဆိုရင် တခြား အရှေ့အာရှ၊ အရှေ့နဲ့ တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို အကူအညီတွေ ပိုပြီး ပေးနိုင်မှာ ဖြစ်ပါတယ်။ အသစ်ထောက်ပံ့ ကူညီတဲ့ ရန်ပုံငွေမှာဆိုရင် လက်ရှိ အစီအစဉ်တွေကို ဆက်ပြီး ဆောင်ရွက်မယ့်အပြင် ပညာရေးကဏ္ဍအတွက်ပါ တိုးချဲ့နေပါတယ်။ မကြာသေးခင်ကပဲ Lincoln ပညာသင်ဆု အစီအစဉ်လို့ ခေါ်တဲ့ အစီအစဉ်သစ်ကို စတင်ခဲ့ပြီး မြန်မာကျောင်းသား ၁၀၀ ကို အမေရိကန် ပြည်ထောင်စုမှာ မဟာဘွဲ့သင်ကြားဖို့ စေလွှတ်မှာ ဖြစ်ပါတယ်။ လူ ၁၀၀ ကို ပညာသင်စရိတ် အပြည့်အ၀ ကျခံမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီမှာ အင်္ဂလိပ်စာ လာပြီး သင်ပေးဖို့အတွက် အမေရိကန်ကနေ Peace Corps အဖွဲ့ဝင် ၄၀ ဒါမှမဟုတ် ၄၅ ယောက်ပါမယ့် အဖွဲ့တခု ဒီလထဲမှာပဲ ရောက်လာဖို့ရှိပါတယ်။”

လက်ရှိမှာတော့ မြန်မာနိုင်ငံတွင်းက မြို့တချို့မှာ အင်္ဂလိပ်စာ သင်ကြားပေးနေတဲ့ အမေရိကန် Peace Corps အဖွဲ့ဝင် ၇၀ ကျော် ရှိနေပြီး ဒီအစီအစဉ်က နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေတယ်လို့လည်း သံအမတ်ကြီးက ပြောဆိုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အမေရိကန်ကုမ္ပဏီတွေကို အစိုးရက ဆက်ပြီး တိုက်တွန်း အားပေးနေကြောင်းလည်း သံအမတ်ကြီး Marciel က ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန အထူးဟောပြောချက်မှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကတော့ အမေရိကန်ရဲ့ အကူအညီကို ကြိုဆိုကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုဟာဆိုရင် အရေးကြီးတဲ့နိုင်ငံ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း အမေရိကန်နိုင်ငံက အများကြီး ကျနော်တို့ကို ထောက်ပံ့ပေးနိုင်တယ်လို့ ကျနော် ယူဆပါတယ်။”

အမေရိကန်သမ္မတ Donald Trump က အာဆီယံ ထိပ်သီးညီလာခံကို ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်မှာ မတက်ရောက်ခဲ့ဘဲ အခု ၂၀၂၀ မှာ အမေရိကန်-အာဆီယံ အထူး ထိပ်သီးအစည်းအဝေးကို ပထမ လေးလတာအတွင်း ကျင်းပဖို့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က သူ့ရဲ့ လုံခြုံရေးအကြံပေး ပုဂ္ဂိုလ်ကနေတဆင့် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

-----------------------------------

(Unicode)












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG