သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်ရှ်မီးယားအရေး သမ္မတ Trump ကို အကူအညီ မတောင်းခဲ့ကြောင်း အိန္ဒိယရှင်းလင်း


အိန္ဒိယနဲ့ ပါကစ္စတန်အကြား နှစ်ကာလရှည်ကြာစွာ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ Kashmir ဒေသက ပဋိပက္ခကို ကူညီ ဖြေရှင်းပေးဖို့ အိန္ဒိယက သူ့ကို အကူအညီတောင်းခဲ့တယ်လို့ အမေရိကန်သမ္မတ Donald Trump ရဲ့ ပြောဆိုမှုဟာ မမှန်ကန်ကြောင်း အိန္ဒိယအစိုးရက ငြင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် Narendra Modi အနေနဲ့ သမ္မတ Trump ကို အဲဒီလိုမျိုး ဘယ်တုန်းကမှ တောင်းဆိုခဲ့ခြင်း မရှိခဲ့ဘူးကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Subrahmanyam Jaishankar က လွှတ်တော်ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

“အမေရိကန်သမ္မတကို ဝန်ကြီးချုပ် Modi က အဲဒီလို တောင်းဆိုမှုမျိုး မလုပ်ခဲ့ဘူးဆိုတာ လွှတ်တော်ကို ကျနော် အခိုင်အမာ ပြောကြားလိုပါတယ်။ ကျနော် ထပ်ပြောပါမယ်၊ ဝန်ကြီးချုပ်က အမေရိကန်သမ္မတကို ဘယ်တုန်းကမှ အဲဒီလို တောင်းဆိုခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ပါကစ္စတန်နဲ့ အိန္ဒိယအကြားဖြစ်နေတဲ့ ပဋိပက္ခတွေမှန်သမျှကို နှစ်နိုင်ငံကြား ဆွေးနွေးအဖြေရှာရမယ်ဆိုတဲ့ မူဝါဒကို ကျနော်တို့ ချမှတ် ကျင့်သုံးနေပါတယ်ဆိုတာကိုလည်း ဒီနေရာမှာ ထပ်လောင်း အသိပေးပါရစေ။ သူတို့ဘက်က နယ်စပ်ဖြတ်ကျော် လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေကို အရင်ရပ်တန့်မှသာ ကျနော်တို့က သူတို့နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်မယ်ဆိုတာကိုလဲ ထပ်လောင်း ပြောကြားလိုက်ပါတယ်။”

ပဋိပက္ခဖြစ်နေတဲ့ Kashmir ဒေသအတွက် ကူညီဖြေရှင်းပေးဖို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က သူ့ကို တောင်းဆိုခဲ့ကြောင်း သမ္မတ Trump က တနင်္လာနေ့မှာ ပြောကြားလိုက်တဲ့အပေါ် အိန္ဒိယက အခုလို တုံ့ပြန်လိုက်တာပါ။

သူ့အနေနဲ့ ကူညီလို့ရမယ်ဆိုရင် ကြားဝင်ဆောင်ရွက်ပေးလိုကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် သမ္မတ Trump က ပြောပါတယ်။

အိန္ဒိယဘက်က ငြင်းဆိုမှုနဲ့ပတ်သက်လို့ ဗွီအိုအေက အိမ်ဖြူတော်ကို မေးမြန်းတာမှာ - သမ္မတ Trump ပြောခဲ့သလိုဘဲ နှစ်နိုင်ငံစလုံးက တောင်းဆိုခဲ့မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပါဝင် ကူညီပေးဖို့ အစဉ်သင့်ရှိကြောင်း တောင်နဲ့ အလယ်ပိုင်း အာရှတိုက်ဆိုင်ရာ အမေရီကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alice Wells က Twitter ကတဆင့် ပြန်လည် ဖြေကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG