သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump-Kim တွေ့ဆုံမယ့်ကိစ္စ ရလဒ်ကောင်းထွက်နိုင်မလား


အမေရိကန်သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့တွေ့ဆုံမယ်လို့ ပြောကြားခဲ့တဲ့အပေါ် အမေရိကန်နိုင်ငံရေး အသိုင်းအဝိုင်း သာမက နိုင်ငံတကာမှာလည်း အံ့အားသင့်ခဲ့ကြပါတယ်။ ဘယ်အချိန် ဘယ်နေရာမှာ တွေ့မယ်ဆိုတာကို အတိအကျမသိရသေးပေမဲ့ သူတို့ ၂ ယောက်တေ့ွဆုံပွဲကနေ အပြုသဘော ရလဒ်တွေရလာဖို့ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ကျွမ်းကျင်သူတွေက သုံးသပ်အကြံပြုနေကြပါတယ်။ အကြံပြုချက်တချို့ကို မစုမြတ်မွန်က ဆက်ပြီးပြောပြပါလိမ့်မယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က အမေရိကန်သမ္မတ Donald Trump ကိုတွေ့ဆုံဖို့ အင်မတန် စိတ်အားထက်သန်နေတယ်ဆိုတဲ့ သတင်းစကားကို Kim Jong Un နဲ့တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယားအထူးကိုယ်စားလှယ် ၂ ယောက်က ပါးခဲ့ပြီးနောက်မှာ သမ္မတ Trump ကမေလမကုန်ခင် တေ့ွဆုံမယ်လို့ တုံ့ပြန်ခဲ့တာပါ။ လက်ရှိအာဏာရအမေရိကန်သမ္မတယောက်အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကို ပထမဆုံးတွေ့ဆုံမယ့် အစီအစဉ်နဲ့ပတ်သက်လို့ သုံးသပ်ချက်တွေ မျိုးစုံထွက်ပေါ်နေပါတယ်။

Nuclear ကင်းစင်ပပျောက်ရေးကိစ္စကို အမေရိကန်နဲ့ တေ့ွဆုံဆွေးနွေးဖို့ လိုလားတယ်လို့ မြောက်ကိုရီးယားဖက်က ပြောလာတဲ့အပေါ် သတိနဲ့ ကြိုဆိုနေကြပါတယ်။ မြောက်ကိုရီးယားဖက်က တကယ်ပဲ Nuclear လက်နက်တွေ စွန့်လွှတ်ချင်တဲ့ဆန္ဒရှိတယ်လို့ တော်တော်များများကတော့ မယုံကြည်ကြပါဘူး။ မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ်တရုတ်နိုင်ငံက တင်းကြပ်တဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ထားတာက မြောက်ကိုရီးယားအပေါ် အတော်လေးထိခိုက်နေပြီး ခုလိုလေသံပြောင်းလာတာလို့ သုံးသပ်သူတွေလည်းရှိပါတယ်။ အမေရိကန်နဲ့ တရုတ်တို့အမြင်ချင်းတူတယ်လို့ သုံးသပ်တဲ့ ဗြိတိန်ဝန်ကြီးဟောင်း Lord Owen ကတော့ တရုတ်နဲ့ အမေရိကန်တို့အနေနဲ့ Nuclear ဆိုင်ရာ အာမခံချက်တွေ ပေးဖို့လိုအပ်မယ်လို့ ပြောပါတယ်။

" မြောက်ကိုရီးယားဖက်က တနည်းနည်းနဲ့ Nuclear ကင်းစင်ပပျောက်အောင် တရုတ်နဲ့ အမေရိကန်တို့က လုပ်ရပါမယ်။ သူတို့ ၂ နိုင်ငံလုံး အနေနဲ့လည်း Nuclear အာမခံချက်တွေ ပေးဖို့လိုပါတယ်။ တရုတ်က မြောက်ကိုရီးယားဖက်ကို ပေးဖို့လိုသလို အမေရိကန်က တောင်ကိုရီးယားကို ပေးဖို့လိုပါတယ်။ ရုရှားရော ဗြိတိန်ရော ပြင်သစ်ပါ ပါဝင်ပတ်သက်ကောင်းပတ်သက်လာနိုင်ပါတယ်။ Nuclear ပိုင်ဆိုင်ကြတဲ့ အင်အားကြီး ၅ နိုင်ငံဖက်က အတူပူးပေါင်းပြီး Nuclear လက်နက်မသုံးဘူးဆိုတဲ့ အာမခံချက်ကို မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကို ပေးကောင်းပေးရပါလိမ့်မယ်။"

မြောက်ကိုရီးယားနိုင်ငံဟာ အရင်ကလည်း ခုလို သူ့ရဲ့ Nuclear အစီအစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေလုပ်ခဲ့ပြီး စီးပွားရေးအထောက်အပံ့တွေ ရယူခဲ့ပေမယ့် တကယ်တမ်းလက်တွေ့မှာ Nuclear အစီအစဉ်ကို စွန့်လွှတ်ခြင်းမရှိပါဘူး။ ဒါကြောင့် အရေးယူဒဏ်ခတ်မှုတွေ ပေါ့လျော့သွားအောင် ဆောင်ရွက်တာဖြစ်နိုင်တယ်လို့ အများကသံသယရှိနေကြပါတယ်။ Seoul မြို့တော်မှာရှိတဲ့ Yonsei တက္ကသိုလ်က မြောက်ကိုရီးယားရေးရာ ကျွမ်းကျင်သူ တွဲဖက်ပါမောက္ခ John Delury ကတော့ တဖက်နဲ့တဖက် ယုံကြည်မှုကို အခြေခံပြီး တေ့ွကြတာမဟုတ်တဲ့အတွက် အပြန်အလှန် ဘယ်လို အပေးအယူလုပ်နိုင်မလဲဆိုတာကို နားလည်အောင်လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။

"ယုံကြည်မှုကို အခြေမခံဘဲ ဆွေးနွေးမှု အပြန်အလှန်နားလည်မှုနဲ့ လုပ်ရတာပါ။ Trump အစိုးရအနေနဲ့ အချိန်တိုအတွင်း တေ့ွဆုံခွင့်ပေးတဲ့အတွက် မြောက်ကိုရီးယားတို့ဖက်က တခုခုပြန်ရအောင်လုပ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဘာတွေဘယ်လောက်တောင်းဆိုတယ်ဆိုတဲ့အပိုင်းမှာလည်း လက်ခံနိုင်တဲ့တောင်းဆိုမှုဖြစ်သင့်ပါတယ်။ ဒီလုပ်ငန်းစဉ်က အခုမှအစပဲရှိပါသေးတယ်။ အဆုံးသပ်မဟုတ်ပါဘူး။ Kim Jong Un နဲ့တွေ့တဲ့အခါ အမေရိကန်တွေလည်း ကိုရီးယားတွေလိုပဲ သူဘာလိုချင်တာလဲ။ ၂ ဖက်အပြန်အလှန်ဘယ်လို အပေးအယူတွေလုပ်နိုင်မလဲဆိုတာ နားလည်အောင်လုပ်ကြမှာဖြစ်ပါတယ်။"

၂၀၀၀ ခုနှစ် အမေရိကန်သမ္မတဟောင်း Bill Clinton လက်ထက်ကလည်း ခုလိုမျိုးတေ့ွဆုံဖို့ မြောက်ကိုရီးယားတို့ဖက်က တောင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက တေ့ွဆုံပွဲမဖြစ်ခဲ့ပါဘူး။ သမ္မတ Trump ဖက်က Kim Jong Un နဲ့တွေ့ဆုံဖို့ ညှိုှုနှိုင်းတောင်းဆိုတာမျိုးမလုပ်ဘဲ လက်ခံလိုက်တဲ့အပေါ် တပန်းရှုံးနေတယ်လို့ မြင်သူကတော့ Heritage Foundation က အကြီးတန်းလေ့လာသူ Bruce Klingner ဖြစ်ပါတယ်။ သူက Trump နဲ့ Kim Jong Un တို့တွေ့ဆုံမှုကို လောင်းကြေးများတဲ့ ဖဲဝိုင်းနဲ့တင်စားသုံးသပ်ပါတယ်။

"Trump ရဲ့ စီးပွားရေးအမြင်ကျယ်မှုနဲ့ ညှိုနှိုင်းတဲ့အပိုင်းမှာ ကျွမ်းကျင်မှု။ သူ့ရဲ့ ထူးခြားတဲ့ပင်ကိုယ်စရိုက်တွေကြောင့် ကိုယ့်ဖက်ကလိုချင်တာအားလုံး ရအောင်လုပ်နိုင်မယ်လို့ Trump ထောက်ခံသူတွေဖက်က ပြောကြပါလိမ့်မယ်။ ၂၀၀၀ ခုနှစ်တုန်းက Bill Clinton ထောက်ခံသူတွေ ပြောခဲ့ကြသလိုပေါ့ဗျာ။ ကျွန်တော့်အမြင်ကတော့ ဘာပြောမယ်ဆိုတာ ကြိုတင်ပြင်ဆင်မထားတဲ့ တွေ့ဆုံပွဲ။ စီစဉ်ထားတဲ့အတိုင်း အတိအကျမဖြစ်တဲ့ တေ့ွဆုံပွဲတွေက ပြဿနာရှိပါတယ်။ လောင်းကြေးကြီးကြီးထပ်ထားတဲ့ ဖဲကစားရသလို ကိုယ်က အားလုံး အနိုင်ရနိုင်သလို အားလုံးလည်း ရှုံးသွားနိုင်ပါတယ်။"

မြောက်ကိုရီးယားအစိုးရဖက်က ခိုင်မာတဲ့လက်တေ့ွဆောင်ရွက်မှုတချို့ကို မမြင်ရသရွေ့တော့ သမ္မတ Trump က Kim Jong Un ကိုတွေ့မှာမဟုတ်ဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sarah Sanders ကသောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါတင်မက Nuclear ကင်းစင်ပပျောက်ရေးနဲ့ပတ်သက်လို့ မြောက်ကိုရီးယားတို့ဆီက ခိုင်မာတဲ့သဘောတူညီမှုတွေ မရသရွေ့ အပြင်းထန်ဆုံး ဒဏ်ခတ်အရေးယူမှုတွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG