သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Kim သီးခြား နာရီဝက်ကြာ တွေ့ဆုံ


အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပတဲ့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့မှာ ရှိတဲ့ ဟိုတယ်မှာ ဗုဒ္ဓဟူးနေ့က ပဏာမ တွေ့ဆုံခဲ့ကြပြီး ညစာစားခဲ့ကြပါတယ်။ ညစာစားပွဲ မတိုင်မီ ခေါင်းဆောင်ကြီး နှစ်ဦးတို့ဟာ စကားပြန် ၂ ဦးမှ လွဲပြီးတော့ ဘယ်သူမှ မပါဘဲ ခေတ္တ တွေ့ဆုံခဲ့ကြပါတယ်။ ဒီအကြောင်း ဟနွိုင်းမြို့ကနေ ဗွီအိုအေ သတင်းထောက် Steve Herman ပေးပို့ထားတာကို ဒေါ်လှလှသန်းက ပြောပြပေးပါမယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယား အလံတွေ လွှင့်ထူထားတဲ့ အလံကို နောက်ခံထားပြီး သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ ဒုတိယ အကြိမ် ထိပ်သီး ညီလာခံကို ဗုဒ္ဓဟူးနေ့က လက်ဆွဲနုတ်ဆက်မှုနဲ့ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကိုရီးယား ကျွန်းဆွယ် နျူးကလီးယား ကင်းရှင်းရေး ဆောင်ရွက်ဖို့ ပေးထားတဲ့ ကတိကို ရုပ်သိမ်းခြင်း မရှိပါဘူးလို့ သမ္မတ Trump က ငြင်းဆိုခဲ့ပြီး ၁၉၅၃ ခုက အပစ်ရပ် စာချုပ်နဲ့ ရပ်ဆိုင်းခဲ့တဲ့ ကိုရီးယား စစ်ပွဲ တရားဝင်အဆုံးသတ်ရေး ကြေညာချက် ထုတ်ပြန်ဖို့ ရှိ မရှိနဲ့ ပတ်သက်လို့ သတင်းထောက် တဦးရဲ့ အမေးကိုတော့ သမ္မတ Trump က စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ခေါင်းဆောင်ကြီး နှစ်ဦးတို့ အခုလို လက်ဆွဲ နုတ်ဆက်ပွဲ အခမ်းအနားမှာ သမ္မတ Trump က မြောက်ကိုရီးယား ခေါင်းဆောင်နှင့် ပြီးခဲ့တဲ့နှစ် ဇွန်လက ကျင်းပခဲ့တဲ့ ပထမ အကြိမ် စကာၤပူ ထိပ်သီး ညီလာခံလိုဘဲ ဒီဒုတိယ အကြိမ်ဟာလည်း အောင်မြင်မှုရရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

"ဥက္ကဌကြီး ကင်နဲ့ တွေ့ဆုံရတာ ဂုဏ်ယူစရာပါ။ အထူးသဖြင့် ကော်ဇောနီခင်းပြီး ကျနော်တို့ နှစ်ဦးကို ဂါရဝပြုပြီးတော့ အခုလို ကြိုဆိုကြတဲ့ ဗီယက်နမ် နိုင်ငံမှာ အတူတကွ တွေ့ဆုံရတာ သိပ်ကို ဂုဏ်ယူပါတယ်။ ကျနော်တို့ နှစ်ဦးရဲ့ ပထမ အကြိမ် ညီလာခံဟာ သိပ်ကိုအောင်မြင်ခဲ့တယ်လို့ ကျနော် ယူဆပါတယ်။ ဒီတကြိမ် ထိပ်သီးညီလာခံဟာ ပထမ တကြိမ်နဲ့ တန်းတူ ဒါမှမဟုတ် ပိုအောင်မြင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ "

မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ သမ္မတ Trump တို့ဟာ ဟနွိုင်းရှိ Metropole ဟိုတယ်မှာ အခုလို တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနေ့ ညစာစားပွဲ မတိုင်ခင် ကိုရီးယား စကားပြန် နှစ်ဦးက လွဲလို့ တခြား ဘယ်သူမှ မပါတဲ့ ခေါင်းဆောင်ကြီး နှစ်ဦးကြား သီးခြား ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ သမ္မတ Trump အတွက် စကားပြန်ကတော့ စကာၤပူမှာ သူ့အတွက် စကားပြန် လုပ်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဌာန စကားပြန်လုပ်ငန်းဌာနရဲ့ အကြီးအကဲ Yun Hyang Lee ဖြစ်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ရဲ့ စကားပြန်ကတော့ Sin Hye Yong ဖြစ်တယ်လို့ အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။ ခေါင်းဆောင်ကြီး နှစ်ဦး သီးခြားတွေ့ဆုံမှုနဲ့ ပတ်သက်လို့ ညစာစားပွဲ မတိုင်မီ စကားပြန်က တဆင့် မြောက်ကိုရီးယား ခေါင်းဆောင်က အခုလို ပြောခဲ့ပါတယ်။

"ကျနော်တို့ နှစ်ဦးဟာ မိနစ် ၃၀ ကြာ သိပ်ကို စိတ်ဝင်စားဖွယ် အချက်အလက်တွေကို ဆွေးနွေးခဲ့ပါတယ်လို့ " မြောက်ကိုရီးယား ခေါင်းဆောင်က စကားပြန်က တဆင့် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump ကတော့ အခုလို နာရီဝက်ကြာ သီးခြားတွေ့ဆုံခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်လို့ လူတွေ အတော်လေး စိတ်ဝင်စားကြမှာဘဲလို့သာ ကောက်ချက်ချ ပြောကြားခဲ့ပြီး ကြာသပတေးနေ့ ဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အခုလို ပြောခဲ့ပါတယ်။

" မနက်ဖြန်ကျရင် ကျနော်တို့တွေ သိပ်ကို အလုပ်များမှာ ဖြစ်ပါတယ်။ ကျနော်တို့ ညစာ ခပ်မြန်မြန် စားသုံးဖို့ ရှိပါတယ်။ ဖြေရှင်းစရာတွေက အများကြီး ရှိနေပါတယ်။ ဒီဆွေးနွေးပွဲကနေ ရေရှည်ခံမယ့် ကောင်းမွန်မယ့် အခြေအနေတွေကို ဦးတည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ရဲ့ ဆက်ဆံရေးကလည်း သိပ်ကို ထူးခြားကောင်းမွန်တဲ့ ဆက်ဆံရေးပါ။ "

ညစာစားပွဲကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ ယာယီ အိမ်ဖြူတော် အရာရှိချုပ် Mick Mulvaney တို့ တက်ရောက်ခဲ့ပြီး မြောက်ကိုရီးယားဘက်ကတော့ ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ ဒုတိယ ဥက္ကဌ Kim Yong Chol နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Yong Ho တို့ တက်ရောက်ခဲ့ကြပါတယ်။

ညစာစားပွဲ မတိုင်ခင် နာရီ အနည်းငယ် အလိုကတော့ ထိပ်သီးညီလာခံနဲ့ ပတ်သက်လို့ မမှန်သတင်းတွေ ထွက်ပေါ်နေတာကို သမ္မတ Trump က လက်မခံ ပယ်ချခဲ့ပြီး မြောက်ကိုရီးယား နျူးကလီးယား ကင်းရှင်းရေးနဲ့ ပတ်သက်လို့ သူနဲ့ကင်ကြား ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့ အကြောင်းနဲ့ မြောက်ကိုရီးယားဟာ စီးပွားရေး အင်အားကြီးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း သမ္မတ Trump က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

တိုက်ဆိုင်မှု တရပ်ကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင် တည်းခိုတဲ့ Melia ဟိုတယ်မှာ ကနဦး အိမ်ဖြူတော် သတင်းထောက် အဖွဲ့ကလည်း သတင်းပို့ဖို့ နေရာအဖြစ် စတည်းချထားတဲ့ အတွက် လုံခြုံရေးကို အကြောင်းပြပြီး အဲဒီအိမ်ဖြူတော် သတင်းတပ်ဖွဲ့ကို ဗီယက်နမ် အစိုးရက ကျန် သတင်းထောက် ၃ ထောင်တို့ သတင်းယူဖို့ နေရာချထားတဲ့ Cultural Friendship Palace ကို မလွဲမရှောင်သာ ရွှေ့ပြောင်းခဲ့တယ်လို့လည်း သိရပါတယ်။

Trump နဲ့ Kim သီးခြား နာရီဝက်ကြာ တွေ့ဆုံ
please wait

No media source currently available

0:00 0:04:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG