သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီနဲ့ အာဖရိကနိုင်ငံတွေကိုချိုးနှိမ်ပြောတဲ့ သမ္မတထရမ့်အပေါ် နိုင်ငံတကာကတုံ့ပြန်


အမေရိကန် သမ္မတ Donald Trump
အမေရိကန် သမ္မတ Donald Trump

အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ လူဝင်မှုကြီးကြပ်ရေး ကိစ္စအတွက် ဆွေးနွေးနေစဉ် အမေရိကန် သမ္မတ Donald Trump က ဟေတီနဲ့ အာဖရိကတိုက် နိုင်ငံတွေကို ချိုးချိုးနှိမ်နှိမ် သုံးနှုန်းပြောဆိုလိုက်တဲ့အပေါ် တုံ့ပြန်မှုတွေ ထွက်ပေါ်လာပါတယ်။

မစင်တွင်းနဲ့ ခိုင်းနှိုင်း သုံးနှုန်းခဲ့တဲ့အတွက် ဆွေးနွေးပွဲ တက်ရောက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း မှင်သက်မိခဲ့တဲ့ အထိပါ။ ဒီလိုတိုင်းပြည်တွေက လူတွေကို အမေရိကန်က ဘာကြောင့်လက်ခံနေရမှာလဲဆိုပြီး ပြောဆိုခဲ့ကြောင်းလည်း အမေရိကန် သတင်းဌာနကြီးတွေ ဖြစ်ကြတဲ့ Washington Post, New York Times နဲ့ CNN တို့က စတင်ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ နော်ဝေလို နိုင်ငံမျိုးတွေက ဝင်ရောက်လာမယ့် သူတွေကို ပိုမိုလက်ခံသင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

သမ္မတရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ အာဖရိကသမဂ္ဂက စိုးရိမ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ပေါက်ဖွားလာပြီး မတူကွဲပြားမှုတွေနဲ့ အခွင့်အလန်းတွေကို တန်ဘိုးထားတတ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ ဒီလိုပြောဆိုတာဟာ အံ့အားသင့်စရာ ဖြစ်ရကြောင်းလည်း အာဖရိကသမဂ္ဂ ပြောခွင့်ရသူ Ebba Kalondo က AP သတင်းဌာနကိုပြောဆိုခဲ့တာပါ။

တောင်အာဖရိက အာဏာရပါတီ ANC ကလည်း သမ္မတ Trump ရဲ့ မှတ်ချက်ဟာ စော်ကားရာ ရောက်ကြောင်း ပြောဆိုခဲ့သလို၊ ဟေတီနိုင်ငံကလည်း အမေရိကန် တာဝန်ရှိသူ တဦးကို ဆင့်ခေါ်ပြီး ရှင်းလင်းဖို့ တောင်းဆိုခဲ့ပါတယ်။

သမ္မတရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ ဗွီအိုအေ အပါအဝင် သတင်းမီဒီယာတွေက မေးမြန်းရာမှာတော့ အမေရိကန် စီးပွားရေးကို ထိခိုက်စေပြီး၊ အကြမ်းဖက်ဝါဒီတွေ တိုင်းပြည်ထဲ ဝင်လာနိုင်တဲ့ အစီအစဉ် ၂ ခုဖြစ်တဲ့ ဗီဇာကံစမ်းမဲ အစီအစဉ်နဲ့ ဆွေမျိုးတွေ တယောက်ပြီးတယောက် ဆက်စပ်ပြီး ဝင်လာမယ့် ရွှေ့ပြောင်းဝင်ရောက်မှု ကိစ္စတွေကို ကျကျနန ကိုင်တွယ်မယ့် လူဝင်မှုကြီးကြပ်ရေး အစီအစဉ်မျိုးကိုသာ သမ္မတအနေနဲ့ လက်ခံမှာ ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Raj Shah က ကြေညာချက်ထုတ်ပြန် တုံ့ပြန်ခဲ့ပါတယ်။

ဟေတီနဲ့ အာဖရိက နိုင်ငံတွေကို သမ္မတ Trump က ချိုးချိုးနှိမ်နှိမ် သုံးနှုန်းပြောဆိုခဲ့တာနဲ့ ပတ်သက်လို့တော့ ကြေညာချက်မှာ တစုံတရာ ငြင်းဆန်တာမျိုးတော့ မရှိပါဘူး။ ဥပဒေနဲ့အညီ အမေရိကန် ပြည်ထောင်စုမှာ သာယာတဲ့ဘ၀ ထူထောင်လိုတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ထိခိုက်စေမယ့်၊ အားနည်းချက်တွေ၊ အန္တရယ်တွေလည်းရှိတဲ့ ယာယီအစီအမံတွေကိုလည်း သမ္မတအနေနဲ့ အစဉ်တစိုက် ပယ်ချသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန်မှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ လူငယ် ၈ သိန်းနီးပါးကို နေရပ်ရင်း ပြန်ပို့ခံရမယ့်အရေး အကာအကွယ်ပေးနိုင်ဖို့နဲ့ တချိန်တည်းမှာပဲ နယ်စပ်လုံခြုံရေး အစီအစဉ်တွေ ပါဝင်တဲ့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် အထက်လွှတ်တော် အမတ် ၆ ယောက်တို့ရဲ့ သဘောတူညီချက်နဲ့ ပတ်သက်လို့ ဒီမိုကရက် အထက်လွှတ်တော်အမတ် Dick Durbin က ရှင်းပြနေစဉ်မှာပဲ သမ္မတ Trump က ခပ်ကြမ်းကြမ်း မှတ်ချက်ပေးခဲ့တာလို့လည်း Washington Post ကဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG