သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ သမ္မတရွေးကောက်ပွဲ Donald Trump ဝင်ပြိုင်ဖို့ကြိုးပမ်း


၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တယောက်ထပ်တိုး လာပြန်ပါပြီ။

အမေရိကန်နိုင်ငံက အိမ်ယာမြေ ရောင်းဝယ်ရေးလုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး Donald Trump က သူလည်း သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့်အကြောင်း နယူးယောက်မြို့က မိုးမျှော်အဆောက်အဦးကြီး တခုမှာ အင်္ဂါနေ့က ကြေညာလိုက်တာပါ။

ဝါရှင်တန်မှာရှိနေတဲ့ နိုင်ငံရေးသမားတွေဟာ အတွေးအခေါ် အမျှော်အမြင် နည်းကြသူတွေ၊ လူပျော့ လူညံ့တွေ ဖြစ်တယ်လို့ ဝေဖန်လိုက်ပြီး American Dream လို့ခေါ်တဲ့ အမေရိကန်နိုင်ငံသားတိုင်း တိုးတက်ကြီးပွားအောင် စွမ်းဆောင်နိုင်စွမ်းရှိတယ်ဆိုတဲ့ အိမ်မက်ဟာလည်း ကွယ်ပျောက်နေပြီလို့ သူက ပြောပါတယ်။

ဒါပေမဲ့ တကယ်လို့ သူသာ သမ္မတအဖြစ် အရွေးခံရရင် နိုင်ငံကို ပိုမိုကြီးမား ကောင်းမွန်တဲ့ အဆင့်ရောက်အောင် စွမ်းဆောင်ပေးမှာ ဖြစ်သလို အရင်ကထက် ပိုမိုတောင့်တင်း ခိုင်မာပြီး အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ခေါင်းဆောင်နိုင်ငံ ပြန်ဖြစ်လာအောင် ကြိုးပမ်းပေးသွားမယ်လို့ ပြောပါတယ်။

သူ့ရဲ့ စီးပွားရေးလုပ်ငန်း ကျွမ်းကျင်တဲ့ အတတ်ပညာကို အသုံးပြုပြီးတော့လည်း ပြည်ပက အလုပ်အကိုင်တွေ အမေရိကန်နိုင်ငံကို ပြန်ရောက်အောင် ဆောင်ရွက်ပေးမယ်လို့ Trump က ပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှု၊ လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စရပ်တွေမှာလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့လည်း သူက ပြောပါတယ်။

အကဲခတ်တွေကတော့ Trump အနေနဲ့ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံရဖို့ အခွင့်အလန်း သိပ်နည်းတယ်လို့ ပြောကြပါတယ်။

XS
SM
MD
LG