အမေရိကန်သမ္မတ Donald Trump အနေနဲ့ G-20 ကမ္ဘာ.စီးပွားအင်အားကြီးနိုင်ငံတွေရဲ့ ထိပ်သီးပွဲကျင်းပရာ အာဂျင်တီးနားနိုင်ငံရောက်ရောက်ချင်း “America First” အမေရိကားသာ ပထမဆိုတဲ့မူအတိုင်း နိုင်ငံတကာအရေးထက် ပြည်တွင်းရေးကို ပို အလေးထားနေတာကို ပြလိုက်ပါတယ်။
Air Force One သမ္မတလေယာဉ်ကြီးပေါ်ကနေ ဆင်းပြီး မိနစ်ပိုင်းအတွင်းမှာပဲ သမ္မတ Trump က အင်တာနက်တွစ်တာကနေ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Muller ရဲ့ စုံစမ်းစစ်ဆေးမှုအပေါ် ဝေဖန်ပြစ်တင်လိုက်ကာ၊ အခြားတဖက်ရဲ့ ရာဇဝတ်မူအစစ်ကိုသာ စစ်ဆေးသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။
နောက် နာရီပိုင်းအနည်းငယ်ထပ်အကြာ မနက်စော စတင်နေထွက်လာချိန်မှာပဲ ဒီ အထူးစုံစမ်း စစ်ဆေးမှုနဲ့ပတ်သက်ပြီး အင်တာနက်တွစ်တာမှာပဲ၊ သူရောက်နေတဲ့ နိုင်ငံတကာထိပ်သီးပွဲထက် အမေရိကန်ပြည်တွင်းရေးကသာ ပထမဖြစ်ကြောင်း စာရေးပြီး တင်လိုက်ပြန်ပါတယ်။
Atlantic Council သုတေသနအဖွဲ့က Mark Smimakovsky က သမ္မတ Trump အနေနဲ့ ဒီထိပ်သီးပွဲမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအတွက် စိတ်မဝင်စားတာတင်မကဘူး၊ သူတကယ်စိတ်ဝင်စားနေတာက အမေရိကန် အမျိုးသားရေးနဲ့ နိုင်ငံခြားမူဝါဒတွေကို ဒီပွဲမှာ ဘယ်လိုမြှင့်တင်ရမလဲဆိုတာပါပဲလို့ ထောက်ပြလိုက်ပါတယ်။
တခြားအမေရိကန် သမ္မတတွေလည်း ခုလိုနိုင်ငံတကာပွဲသွားတက်စဉ် ပါလာတဲ့ အိမ်ဖြူတော် သတင်းထောက်တွေမေးတာကြောင့် ပြည်တွင်းရေးတွေပြောရလေ့ရှိပေမယ့် သမ္မတ Trump ကတော့ တမူထူးပြီး အခု စုံစမ်းရေးမှူး Muller ရဲ့ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲထဲ Trump မဲဆွယ်ရေးအဖွဲ့ နဲ့ ရုရှားတို့ အချိတ်အဆက်ရှိခဲ့၊ မရှိခဲ့ကိစ္စကို ပိုအလေးထားတာကို အလွန်အကျွံပြလိုက်တာဖြစ်ပါတယ်။