သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလုံခြုံရေးမဟာဗျူဟာ ဆိုင်ရာမိန့်ခွန်း သမ္မတ Trump ပြောမည်


အမေရိကန် သမ္မတ Donald Trump ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ အသစ်ဟာဆိုရင် အမေရိကန်ပြည်ထောင်စု အတွက် အန္တရာယ် အကြီးဆုံးနဲ့ ခိုင်မာတဲ့ ခြိမ်းခြောက်မှုတွေကို ရှင်းရှင်းလင်းလင်းနဲ့ လက်တွေ့ကျကျ ကိုင်တွယ်နိုင်မှာ ဖြစ်တယ်လို့ အစိုးရအဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ အစိုးရ အဖွဲ့က ၁၁ လ နီးပါးကြာ ပြုစုထားတဲ့ မဟာဗျူဟာသစ်ကို သမ္မတ Trump က ဒီကနေ့ ဝါရှင်တန်မှာ မိန့်ခွန်းပြောဆိုပြီး ထုတ်ပြန်မှာ ဖြစ်ပါတယ်။

အခု မဟာဗျူဟာသစ်မှာ အရင်က မဟာဗျူဟာတွေနဲ့ မတူတဲ့ အချက်ကတော့ အမေရိကန်သာ ပထမ ဦးစားပေး ဆိုတဲ့ သမ္မတရဲ့ ပြောဆိုချက် အတိုင်း အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို အဓိက ဦးစားပေးပြီး ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေ စိန်ခေါ်ချက်တွေကို ရှင်းရှင်းလင်းလင်း ရှုမြင်ထားတယ်လို့လည်း အကြီးတန်း အစိုးရ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ကမ္ဘာ့ သြဇာချိန်ခွင်လျှာ အပြောင်းအလဲဟာ အမေရိကန် အကျိုးစီးပွားကို တစုံတရာ ထိပါးလာတဲ့ သဘော ဖြစ်နေတဲ့ အတွက်ကြောင့် ဒီအနေအထားကိုအမေရိကန်တို့ အနေနဲ့ ဘယ်လို ပြောင်းလဲနိုင်မလဲ ဆိုတဲ့ အစီအစဉ်ကို အခု မဟာဗျူဟာသစ်မှာ ထည့်သွင်းထားတယ်လို့ အမေရိကန် အစိုးရ အကြီးတန်း တာဝန်ရှိသူ တဦးက မနေ့ တနင်္ဂနွေနေ့က ပြောပါတယ်။ အခုမဟာဗျူဟာသစ်ဟာဆိုရင် ကမ္ဘာ့ဇာတ်ခုံမှာ ပိုပြီး ယှဉ်ပြိုင်လာနိုင်ဖို့ အတွက် အမျိုးသား အကျိုးစီးပွား ကဏ္ဍလေးရပ်ကို ဦးစားပေးထားတယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အမိမြေကို ကာကွယ်ရေး၊ အမေရိကန်ရဲ့ ကြွယ်ဝမှုကို မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ ထိန်းသိမ်းပြီး အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှု တိုးလာရေးတို့ ဖြစ်တယ်လို့ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ရေး စိန်ခေါ်ချက် အဖြစ် အုပ်စု သုံးခုကိုလည်း မဟာဗျူဟာမှာ ဖော်ပြထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ပထမ အုပ်စုမှာတော့ ရုရှားနဲ့ တရုတ်လို နိုင်ငံတွေ အပါအဝင် စစ်ရေးအရရော စီးပွားရေး အရပါ ကမ္ဘာမှာ သြဇာလွှမ်းမိုးနိုင်ရေး ကြိုးစားလာနေတဲ့ နိုင်ငံတွေကို သတ်မှတ်ထားပြီး အမေရိကန် အကျိုးစီးပွားတွေ အတွက် အဟန့်အတား၊ ဒါမှမဟုတ်လည်း အထိနာစေနိုင်တယ်လို့ အာဏာပိုင်တို့က ယုံကြည်ထားတာပါ။ဒုတိယ အုပ်စုထဲမှာတော့ အကြမ်းဖက်ဝါဒနဲ့ တခြား မတည်မငြိမ်ဖြစ်ရေး လှုပ်ရှားမှုတွေကို ထောက်ပံ့နေပြီး အစုလိုက် ဖျက်စီးနိုင်တဲ့ လက်နက်တွေပိုင်ဆိုင်ရေး ကြိုးပမ်းနေတဲ့ မြောက်ကိုရီးယားနဲ့ အီရန်တို့လို အစိုးရတွေ ဖြစ်ပါတယ်။နောက်ဆုံး တတိယ အုပ်စုမှာတော့ အကြမ်းဖက်ဝါဒစွဲ အဖွဲ့တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေ ပါဝင်ပါတယ်။ အမေရိကန် အစိုးရရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ မဟာဗျူဟာက ကမ္ဘာပေါ်က အမျိုးမျိုးသော စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းမှာ ဖြစ်တယ်လို့လည်း အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG