သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ ကနေဒါနဲ့ မက္ကဆီကို သွင်းကုန်ခွန်တွေ သမ္မတ Trump တိုးမည်


အမေရိကန် - ကနေဒါ နယ်စပ်ဂိတ်တံတား (Photo by Geoff Robins / AFP)
အမေရိကန် - ကနေဒါ နယ်စပ်ဂိတ်တံတား (Photo by Geoff Robins / AFP)

ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန် တိုးကောက်မိန့် ဒီနေ့ စနေနေ့မှာ ထုတ်ပြန်မယ်လို့ အိမ်ဖြူတော်က သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက သွင်းကုန်တွေအတွက် အခွန် ၂၅% နဲ့ တရုတ်သွင်းကုန်တွေအတွက် ၁၀% တိုးကောက်မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ အမေရိကန်အသက်တွေ ဆုံးရှုံးစေတဲ့ Fentanyl ဆေးတွေ အထောက်အထား မရှိသူတွေ အမေရိကန်ထဲ တရားမဝင် လှိမ့်ဝင်နေတာကို အိမ်နီးချင်း မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေက ခွင့်ပြုထားလို့ ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Karoline Leavitt က သောကြာနေ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ကနေဒါက တင်သွင်းတဲ့ ရေနံစိမ်းတွေကို ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး အခွန် ၁၀% နဲ့ တခြားကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန် ၂၅ % တိုးကောက်မယ်လို့ သမ္မတ Trump ကလည်း သတင်းထောက်တွေကို ပြောကြားထားပါတယ်။ သွင်းကုန်ခွန်တွေ တိုးကောက်မယ့်ကိစ္စအတွက် ဘယ်သူမှ ညှိနှိုင်းလို့ မရသလို ဆုံးဖြတ်ချက်ကိုလည်း ပြင်မှာမဟုတ်ဘူးလို့ သမ္မတက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကို တင်သွင်းနေတဲ့ တပိုင်းလျှပ်ကူး semiconductor တွေ၊ သံမဏိတွေ အလူမီနီယံတွေ၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ အားလုံးအ‌ပေါ် သွင်းကုန်ခွန်တွေ တိုးကောက်ခံသွားမယ်လို့ သမ္မတက ကတိပြုထားတာပါ။ အမေရိကန်က ကနေဒါပို့ကုန်တွေအပေါ် အခွန်တိုးကောက်ရင် ကနေဒါဘက်ကလည်း တုံ့ပြန်မယ်လို့ ဝန်ကြီးချုပ် Justin Trudeau က ပြောကြားထားပါတယ်။

မက္ကဆီကို စီးပွားရေးဝန်ကြီးဌာနကလည်း အမေရိကန်နဲ့ မက္ကဆီကိုဟာ လက်တွဲလုပ်ကိုင်ဖက်တွေသာဖြစ်ပြီး၊ ပြိုင်ဖက်တွေ မဟုတ်ဘူးလို့ သူတို့ရဲ့လူမှုကွန်ယက်တွေမှာ အသီးသီးဖေါ်ပြခဲ့ပါတယ်။ တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါ ၃ နိုင်ငံပေါင်းက တင်ပို့ကြတဲ့ ကုန်ပစ္စည်းတွေဟာ အမေရိကန်ပြည်ထောင်စုကို တင်သွင်းတဲ့၊ ဒါမှမဟုတ် အမေရိကန်ပြည်ထောင်စုက ဝယ်ယူတဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှု စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံကျော် ရှိပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေအပေါ် သွင်းကုန်ခွန်တွေ တိုးကောက်ရင် အမေရိကန် စားသုံးသူတွေ ထိခိုက်နိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက ထောက်ပြနေကြပါတယ်။

Forum

XS
SM
MD
LG