သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ခံ သမ္မတ Donald Trump က သူ့ရဲ့ အစိုးရ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်တွေဟာ အဆင်ပြေချောမွေ့စွာ ဆက်လက် အကောင်အထည် ဖော်ဆောင်လျက်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ သူ့အစိုးရအဖွဲ့အတွက် အရေးပါတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ရာထူးတွေ ခန့်ထားရေးအတွက် အချင်းချင်း တိုက်ခိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကို ပြန်လည် တုံ့ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

အစိုးရအဖွဲ့ဝန်ကြီးရာထူးတွေနဲ့ တခြား နေရာအတွက် သူ့အနေနဲ့ ဆုံးဖြတ်ချက်တွေ ချနေတဲ့အချိန်မှာပဲ အစိုးရအာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ လုပ်ဆောင်နေကြောင်း၊ ဘယ်သူတွေကို ခန့်ထားဖို့အတွက် နောက်ဆုံး ရွေးချယ်ထားတယ်ဆိုတာကိုလည်း သူတဦးတည်းသာ သိရှိကြောင်း Trump က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်တာပါ။

အစိုးရအာဏာလွှဲပြောင်းရေးအဖွဲ့ထဲကနေ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးတွေကို သူ့ရဲ့ လက်ထောက်တွေက ထုတ်ပစ်လိုက်တယ်ဆိုတဲ့အကြောင်း အမေရိကန် သတင်းမီဒီယာတွေမှာ ရေးသားပြောဆိုမှုတွေ ထွက်လာပြီးတဲ့နောက်မှာ Trump က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အံ့သြဖွယ်ရာ သူ့အနေနဲ့ အနိုင်ရပြီးတဲ့နောက် တရုတ်၊ ရုရှား၊ ဗြိတိန်၊ ဆော်ဒီအာရေးဗီးယား၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန် အပါအ၀င် ကမ္ဘာ့ နိုင်ငံအများအပြားက ခေါင်းဆောင်တွေနဲ့ စကားပြောပြီးဖြစ်ကြောင်းလည်း Trump က ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG