သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေးဂယက် ပြန်ထိန်းနိုင်ဖို့ Trump ကြိုးပမ်း


ဟောင်ကောင်က ဘဏ်တခုက ကြေငြော်ဘုတ်မှာ မြင်ရတဲ့ အစုရှယ်ယာဈေးကွက်
ဟောင်ကောင်က ဘဏ်တခုက ကြေငြော်ဘုတ်မှာ မြင်ရတဲ့ အစုရှယ်ယာဈေးကွက်

အမေရိကန်သမ္မတ Donald Trump က သူ့ကိုယ်သူ အခွန်စည်းကြပ်သူလို့ ကြွေးကျော်မှုကြောင့် အင်္ဂါနေ့က ကမ္ဘာ့ဈေးကွက် သွက်သွက်ခါ လှုပ်ခတ်သွားခဲ့တဲ့အတွက် ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတက အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အသစ်အတွက် ညှိနှိုင်းမှုတွေ လုပ်မယ်လို့ သူ့တွစ်တာကနေ ဆက်တိုက် ရေးသား ခဲ့ပါတယ်။

တရုတ်နိုင်ငံက အမေရိကန်ရဲ့ ပဲပိစပ်နဲ့ သဘာဝဓါတ်ငွေ့ ပြန်လည်ဝယ်ယူဖို့ စီစဉ်နေကြောင်း သမ္မတ Trump က ပြောပြီး ဒါဟာ တရုတ်က အမေရိကန်ကုန်စည်တွေကို ချက်ချင်းစပြီး ဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ သူစောစောက ပြောခဲ့တာကို အတည်ပြုရာ ရောက်စေတယ်လို့ သမ္မတ Trump က တွစ်တာမှာ ရေးပါတယ်။

ဒါ့အပြင် မကြာသေးခင်က အာဂျင်တီးနားမှာ သူတို့ ၂ ဦးရဲ့ တွေ့ဆုံပွဲအတွင်း ပြောကြားခဲ့သမျှကို သမ္မတ Xi Jinping ဟာ လုပ်လိမ့်မယ်လို့ သူယုံကြည်ကြောင်းနဲ့ ဒါဟာ အမေရိကန်ုပြည်ထောင်စုကို Fentanyl မူးယစ်ဆေး တင်သွင်းသူတွေကို ရာဇဝတ်ကြောင်းအရ အရေးယူမယ်လို့ ဂတိပေးတာပါ ပါဝင်တယ်လို့လည်း Trump ကပြောပါတယ်။

အမေရိကန်- တရုတ် ကုန်သွယ်ရေးဆိုင်ရာ ထိလွယ်ရှလွယ် အခြေနေရှိနေပြီး အချိန်မရွေးပျက်သုန်းနိုင်တယ်လို့ သမ္မတ Trump ရဲ့ အင်္ဂါနေ့ တွစ်တာရေးသားချက်တွေကြောင့် ကမ္ဘာတလွှား စတော့ရှယ်ယာဈေးတွေ ထိုးကျခဲ့မှုကို တုန့်ပြန်တဲ့ အနေနဲ့ သမ္မတက အခုလို အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ပြန်ပြီးရေးသားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump သူ့ကိုယ်သူ အခွန်စည်းကြပ်သူဖြစ်ကြောင်းကြေညာပြီး အမေရိကန်ရဲ့ ကြွယ်ဝမှုကို ထိပါးဖို့ ကြံရွယ်သူတိုင်း ပြန်လည်ပေးဆပ်ရမယ်လို့ ရေးသားခဲ့တဲ့နောက်ပိုင်း အမေရိကန်၊ ဥရောပနဲ့ အာရှ စတော့ရှယ်ယာဈေးတွေ တဟုန်ထိုး ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG