အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး မဟာမိတ် နိုင်ငံ တခုဖြစ်တဲ့ ဗြိတိန်နိုင်ငံကို ဇူလိုင်လ ၁၂ ရက်နေ့မှာ အမေရိကန် သမ္မတ Donald Trump သမ္မတ ရာထူး လက်ခံရယူပြီးနောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် သွားရောက်ဖို့ ရှိနေပါတယ်။
အခုခရီးစဉ်က နိုင်ငံတော် ခရီးစဉ်ထက် အလုပ်သဘော ခရီးစဉ်သာ ဖြစ်တာကြောင့် ဗြိတိန် ဘုရင်မ Elizabeth နဲ့ တွေ့ဆုံဖို့ ဖိတ်ကြားခံရမှာတော့ မဟုတ်ပါဘူး။ အမေရိကန် သမ္မတ Trump ရဲ့ ဗြိတိန်နိုင်ငံ ခရီးစဉ် အပေါ် နိုင်ငံရေး အရရော လူထုဘက်ကပါ ဆန့်ကျင် ကန့်ကွက်မှုတွေကြောင့် အကြိမ်ကြိမ် နှောင့်နှေးခဲ့ရသလို လူထောင်နဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြဖို့လည်း စီစဉ်နေကြပါတယ်။
လန်ဒန်မြို့ခံ Terry ကတော့ သူမအနေနဲ့ ဆန္ဒထွက်ပြလေ့ ရှိသူ မဟုတ်ပေမယ့်လည်း သမ္မတ Trump ဟာ ကြိုဆိုထိုက်သူ မဟုတ်ဘူးဆိုတာကို ခိုင်ခိုင်မာမာ ခံယူထားတာကြောင့် ဆန္ဒထွက်ပြမယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့် သူမရဲ့ နာမည်ရင်းကိုတော့ မပြောလိုပါဘူး။
နောက် လန်ဒန်မြို့ခံ Cameron Smith ကတော့ သမ္မတ Trump ရဲ့ ဆောင်ရွက်ချက် အတော်များများကို သဘောမကျကြောင်း၊ ဒါပေမယ့်လည်း အမေရိကန် အတွက်တော့ သူ့ရဲ့ ဆောင်ရွက်ချက်တွေက ကောင်းတယ်လို့ ယူဆကြောင်း၊ ဒါကြောင့် သမ္မတ Trump အနေနဲ့ မဟာမိတ် တဦးအနေနဲ့ လာရောက်သင့်ပါတယ်လို့ ပြောပါတယ်။ အမေရိကန် သမ္မတရဲ့ ဗြိတိန် နိုင်ငံ ခရီးစဉ် အပေါ် ထောက်ခံသူတွေကတော့ ဆန္ဒပြမှုတွေကြောင့် နိုင်ငံရေး အရ အပေါ်ပါမှု မှေးမှိန်သွားမယ့် အပေါ် စိုးရိမ်ကြောင်း ပြောပါတယ်။ ဥရောပ သမဂ္ဂကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးမှာ စိတ်တိုင်းကျ သဘောတူညီချက် တခု ရရှိရေး ဗြိတိန်ဘက်က ကြိုးစားနေရတဲ့ အရေးကြီးနေတဲ့ ကာလ အတွင်း အမေရိကန် သမ္မတ Trump ရဲ့ ခရီးစဉ် ထွက်ပေါ်လာတာပါ။