သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါဝန်ကြီးချုပ်နဲ့ ရွေးကောက်ခံသမ္မတ Trump တွေ့ဆုံ

ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ Mar-a-Lago စံအိမ်မှာ တွေ့ဆုံဖို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟိုတယ်မှာထွက်ခွါ (Photo by CHANDAN KHANNA / AFP)
ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ Mar-a-Lago စံအိမ်မှာ တွေ့ဆုံဖို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟိုတယ်မှာထွက်ခွါ (Photo by CHANDAN KHANNA / AFP)

အမေရိကန်က ရွေးကောက်ခံသမ္မတ Donald Trump ကို ကနေဒါဝန်ကြီးချုပ် Justin Trudeau သောကြာနေ့က လာရောက်တွေ့ဆုံခဲ့ပါတယ်။ သူသမ္မတ တာဝန်စယူတာနဲ့ ကနေဒါက သွင်းကုန်တွေကို သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ Donald Trump က ပြောထားချိန်မှာ Florida ပြည်နယ်က Mar-a-Lago စံအိမ်မှာ ကနေဒါဝန်ကြီးချုပ် လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၂ ယောက် ညစာအတူစားကြတယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူက AP သတင်းကို ပြောပါတယ်။

ဝန်ကြီးချုပ် Trudeau သောကြာနေ့ညပိုင်းက သူ့တည်းခိုတဲ့ ဟိုတယ်ကနေ ထွက်ခွာပြီး Mar-a-Lago စံအိမ်ရှိရာ သွားတာကိုမြင်တွေ့ခဲ့ရပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ ၂ ဘက်လုံးက တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကနေဒါနိုင်ငံနယ်စပ်ကနေ အမေရိကန်ထဲက မူးယစ်ဆေးနဲ့ တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားသူတွေကို ထိထိရောက်ရောက် မထားဆီးသရွေ့ ကနေဒါက သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ ရွေးကောက်ခံသမ္မတ Trump က ပြောကြားထားပါတယ်။

အခုလို သွင်းကုန်ခွန် ကောက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုခံရပြီးနောက် ကနေဒါပြည်နယ် ၁၀ ခုက ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးချုပ် Trudeau တို့ ဆွေးနွေးခဲ့ကြပြီး အတူပူးပေါင်းတုံ့ပြန်ဖို့ သဘောတူခဲ့ကြတယ်လို့ ကနေဒါဘဏ္ဍာရေးဝန်ကြီးက ဗုဒ္ဒဟူးနေ့က ပြောကြားခဲ့ပါတယ်။ တကယ်လို့ ကနေဒါ သွင်းကုန်တွေအပေါ် အခွန်ကောက်ရင် ဈေးတွေတက်ပြီး အမေရိကန် စားသုံးသူတွေပါ ထိခိုက်လိမ့်မယ်လို့ ကနေဒါဝန်ကြီးချုပ်က သောကြာနေ့ အစောပိုင်းကပဲ ပြောကြားခဲ့ပါတယ်။ ကနေဒါက နေ့စဉ်ထုတ်လုပ်နေတဲ့ ရေနံစိမ်းစည် ၄ သန်းထဲက အများစုက အမေရိကန်ကို တင်ပို့နေတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

ကနေဒါလိုပဲ အမေရိကန်နဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူမှုအရ အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့ မက်ဆီကိုနိုင်ငံကို သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ ရွေးကောက်ခံသမ္မတက ပြောထားပါတယ်။ တရုတ်က သွင်းကုန်တွေကိုလည်း ၁၀ ရာခိုင်နှုန်း အခွန်တိုးကောက်မယ်လို့ ပြောထားပါတယ်။

This item is part of

Forum

XS
SM
MD
LG