အမေရိကန်ပြည်ထောင်စုမှာ TikTok လူမှုကွန်ရက်သုံးစွဲမှုကို တားမြစ်မယ့်ဥပဒေကို ဆိုင်းထားပေးဖို့ ရွေးကောက်ခံသမ္မတ Donald Trump က ပြည်ထောင်စု တရားရုံးချုပ်ကို တိုက်တွန်းလိုက်ပါတယ်။
ဇန်နဝါရီလ ၂၀ ရက်မှာ သူ သမ္မတ တာဝန်ယူပြီးရင် TikTok ကိစ္စကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ရသင့်တယ်လို့ Trump ရဲ့ ရှေ့နေတွေက တရားရုံးကို သောကြာနေ့က တင်ပြလျှောက်ထားခဲ့တာပါ။ ဘယ်လိုနည်းနဲ့ ကိုင်တွယ်ဖြေရှင်းမလဲ၊ အချိန်ဘယ်လောက် ဆိုင်းထားသင့်သလဲဆိုတာကိုတော့ လျှောက်ထားချက်မှာ အတိအကျ ပြောမထားပါဘူး။ TikTok ကို အပြီးတိုင် တားမြစ်လိုက်ရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်မလားဆိုတာ စိုးရိမ်စရာဖြစ်တယ်လို့ Trump က ပြောပါတယ်။
Tik Tok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ တရုတ်နည်းပညာကုမ္ပဏီ ByteDance ဟာ တရုတ်အစိုးရနဲ့ ဆက်စပ်နေတာကြောင့် လုံခြုံရေးဆိုင်ရာ အန္တရာယ်ရှိတယ်လို့ဆိုပြီး TikTok ကို အမေရိကန်တဝန်းမှာ သုံးစွဲမှုတားမြစ်ရေး ဥပေဒကြမ်းကို April လတုန်းက လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ သမ္မတ Jor Biden က လက်မှတ်ထိုး ဥပဒေပြဌာန်းထားတဲ့ ဥပဒေအရ ByteDance အနေနဲ့ TikTok ကို အမေရိကန်ကုမ္ပဏီတခုခုကို မရောင်းရင် ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး တနိုင်ငံလုံးမှာ သုံးစွဲမှု ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။
အမေရိကန်မှာ သုံးစွဲသူ ၁၇ သန်းရှိတဲ့ TikTok ကုမ္ပဏီရော မိခင် ByteDance ကုမ္ပဏီကပါ ဒီဥပဒေဟာ အမေရိကန်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်နေတယ်လို့ပြောပြီး ဥပဒေကြောင်းကနေ ပြန်လည်စိန်ခေါ်ခဲ့ပါတယ်။ ဒီအမှုကို တရားရုံးမှာ ဇန်နဝါရီလ ၁၀ ရက်ကျရင် ကြားနာမှာ ဖြစ်ပါတယ်။
Forum