သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ဆွေးနွေးပွဲ ပြန်စဖို့ ကန်အဆင်သင့်


US Secretary of State Mike Pompeo
US Secretary of State Mike Pompeo

ဒီသီတင်းပတ်ထဲ တောင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ၂ ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အရေးပါတဲ့ သံဓိဌာန်ချမှုတွေအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကြိုဆိုလိုက်ပါတယ်။

ကိုရီးယား ၂ နိုင်ငံခေါင်းဆောင်တွေကြား ရရှိခဲ့တဲ့ ပြီးပြည့်စုံတဲ့ သဘောတူညီချက်အရ အမေရိကန် ပြည်ထောင်စုကသာ တူညီတဲ့ အတိုင်းအတာတွေနဲ့ လုပ်ဆောင်ပေးမယ်ဆိုရင် မြောက်ကိုရီးယားရဲ့ လက်နက်ဆိုင်ရာလုပ်ငန်းတွေကို ဖျက်သိမ်းပေးမှာ ဖြစ်ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီး Pompeo က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ကို ရှေ့သီတင်းပတ်ထဲ နယူးရောက်မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှာ သူနဲ့တွေ့ဆုံဖို့ ဖိတ်ကြားခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ကပြောပါတယ်။ ဒါ့အပြင် Austria နိုင်ငံမှာ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးသံတမန်နဲ့ တတ်နိုင်သမျှ အစောဆုံးတွေ့ဆုံဆွေးနွေးဖို့ မြောက်ကိုရီးယား ကိုယ်စားလှယ် တွေကိုပါ ဖိတ်ကြားခဲ့တယ်လို့ ပြောပါတယ်။

ဒီလိုလုပ်ဆောင်မှုဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim ကတိပြုခဲ့တဲအတိုင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲမှာ အဆုံးသတ်မယ့် မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် အမြန်ဖျက်သိမ်းရေး လုပ်ငန်းစဉ်တလျှောက် အမေရိကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေးတွေ ပြောင်းလဲဖို့ ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ အစအဖြစ် သတ်မှတ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါဟာ ကိုရီးယား ကျွန်းဆွယ်ဒေသ တာရှည် တည်ငြိမ်အေးချမ်းအောင် မြောက်ကိုရီးယားက လုပ်ဆောင်ဖို့လည်း ဖြစ်ကြောင်း ဝန်ကြီး Pompeo ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မြောက်ကိုရီးယားက သူ့ရဲ့ Yongbyong ဓါတ်ပေါင်းဖိုကို ပိတ်ပစ်ဖို့နဲ့ ဒုံးကျည်အင်ဂျင် စမ်းသပ်စခန်းနဲ့ ပစ်စင်ကို နိုင်ငံတကာ ကျွမ်းကျင်သူတွေ ရှေ့မှောက်မှာပဲ အပြီးတိုင်ပိတ်ပစ်မယ်လို့ ကတိပေးကြောင်း မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တောင်ကိုရီးယား သမ္မတ Moon Jae-in တို့ရဲ့ ၃ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲ အပြီးမှာ ခေါင်းဆောင် ၂ ဦးက ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ ပြန်စဖို့ ကန်အဆင်သင့်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG