သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်တံတိုင်းအတွက် အရေးပေါ်အခြေအနေ ကြေညာဖို့ သမ္မတ ခြိမ်းခြောက်


အမေရိကန် - မက်ဆီကို ၂ နိုင်ငံ နယ်စပ်တလျှောက် တံတိုင်းကာရံဖို့ လွှတ်တော်က ရန်ပုံငွေတိုက်ရိုက်ချထားပေးဖို့ သူမပြောဆို နိုင်ဘူးဆိုရင် မကြာခင်မှာပဲ နိုင်ငံတော် အရေးပေါ် အခြေနေကြေညာပြီး စစ်တပ် တည်ဆောက်ရေးရန်ပုံငွေနဲ့ တည်ဆောက်မှာ ဖြစ်ကြောင်း သမ္မတ Donald Trump က ကြာသပတေးနေ့မှာ အရိပ်အယောင်ပြ ပြောဆိုခဲ့ပါတယ်။

နယ်စပ်ဒေသကနေ အမေရိကန်နိုင်ငံတွင်း တရားမဝင်ခိုးဝင်မှုတွေ ရပ်ဆိုင်းအောင် ဘယ်လို့ကြိုးစားရမယ် ဆိုတာကို ကိုယ်တိုင်လေ့လာဖို့ သမ္မတ Trump ဟာ Texas ပြည်နယ် McAllen မြို့ကို ရောက်နေပြီ ဖြစ်ပါတယ်။ တကယ်လို့ နယ်စပ်တံတိုင်း ကာရံဖို့ ရန်ပုံငွေချထားပေးရေးအတွက် ဒီမိုကရက်တွေနဲ့ ညှိနှိုင်းလို့ မရဘူးဆိုရင် အရေးပေါ် အခြေနေ ကြေညာကောင်း ကြေညာနိုင်တယ်လို့ သမ္မတ Trump က ပြောပါတယ်။

ဒီနယ်စပ်တံတိုင်းကာရံရေးရန်ပုံငွေနဲ့ ပတ်သက်ပြီး အငြင်းပွါးရာကနေ အစိုးရယန္တရား တစိတ်တပိုင်း ရပ်ဆိုင်းထားရတာ ရက်ပေါင်း ၂၀ ထဲ ဝင်လာတဲ့ ဗုဒ္ဓဟူးနေ့မှာပဲ တံတိုင်းကာရံရေး ရန်ပုံငွေပေးဖို့ ငြင်းဆိုနေတဲ့ ဒီမိုကရက်ခေါင်းဆောင်တွေနဲ့ သမ္မတ အိမ်ဖြူကဆွေးနွေးပွဲကလည်း အဆင်မပြေဖြစ်ခဲ့ရပါတယ်။

သမ္မတ Trump က သူ့အနေနဲ့ နိုင်ငံတော် အရေးပေါ် ကြေညာခွင့်ရှိပေမယ့် အခုထိ မလုပ်သေးကြောင်း၊ ဒါပေမယ့် အလုပ်မဖြစ်ဖူးဆိုရင်တော့ သူကြေညာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ သဘောတူညီချက်ရရဖို့ မဖြစ်နိုင်စရာ အကြောင်းမရှိပေမယ့် တဖက်က နယ်စပ်လုံခြုံရေးကို လုံးဝ ဂရုမစိုက် ပစ်ပယ်ထားတယ်လို့လည်း ပြောပါတယ်။

ဗဟိုဘဏ် ဥက္ကဌ Jerome Powell ကတော့ တကယ်လို့ အစိုးရယန္တရားကို ကာလတာရှည် ဒီအတိုင်း ဆက်ပြီး ရပ်ဆိုင်းထားမယ် ဆိုရင် ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ အမေရိကန်စီးပွါးရေး အထိနာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အစိုးရယန္တရား တစိတ်တပိုင်း ရပ်နားထားရတာ သီတင်း ၃ ပတ်ထဲ ရောက်လာပြီဖြစ်ပြီး လစာမရပဲ အလုပ်လုပ်နေရတဲ့ အစိုးရဝန်ထမ်း ၈ သိန်းကျော် အတွက် လစာထုတ်ရက်ဖြစ်တဲ့ အခု သောကြာမှာ လစာ ပထမဆုံး မရပဲရှိတော့မှာပါ။

အစိုးရယန္တရား ပြန်ဖွင့်ဖို့ ဆန္ဒပြသူ ရာပေါင်းမျာစွာကို ကြာသာပတေးနေ့က ဝါရှင်တန် ဒီစီ လမ်းတွေပေါ်မှာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG