သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ကန် လောလောဆယ်နုတ်ထွက်ဖို့ အစီအစဉ်မရှိ


အမေရိကန်သမ္မတ Donald Trump နယူးဂျာစီသွားမယ့် Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်များနဲ့ တွေ့ဆုံစဉ်။ (ဇွန် ၂၉၊ ၂၀၁၈)
အမေရိကန်သမ္မတ Donald Trump နယူးဂျာစီသွားမယ့် Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်များနဲ့ တွေ့ဆုံစဉ်။ (ဇွန် ၂၉၊ ၂၀၁၈)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကနေ အမေရိကန်ပြည်ထောင်စု ချက်ခြင်းကြီးထွက်ဖို့ အစီအစဉ်မရှိဘူးလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။

“ကျနော်တို့အပေါ် WTO က သိပ်ကို ဆိုးဆိုးရွားရွား ပြုမူူ လုပ်ဆောင်နေပါတယ်” လို့ မေရီလန်းပြည်နယ်ကနေ နယူးဂျာစီပြည် နယ်ကို ခရီးတိုတခုအသွား Air Force One လေယာဉ်ပေါ်မှာ သမ္မတထရမ့်ပ်က သတင်းထောက်တွေကိုပြောပါတယ်။

နိုင်ငံတွေအကြား ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် လုပ်ဆောင်နေတဲ့ တခုတည်းသော ကမ္ဘာလုံးဆိုင်ရာအဖွဲ့ ဖြစ်တဲ့ WTO ကနေ အမေရိကန်နုတ်ထွက်ဖို့ ရည်ရွယ်ထားပါသလားလို့ မေးတဲ့အခါမှာတော့ သမ္မတထရမ့်ပ်က “လောလောဆယ် တော့ မထွက်ပါဘူး၊ ဒါပေမဲ့ ကျနော်တို့ကို သူတို့ မျှမျှတတ ဆက်ဆံရပါမယ်” လို့ ပြောပါတယ်။

သမ္မတထရမ့်ပ်ဟာ ဥရောပသမဂ္ဂ (EU)၊ စီးပွားရေးအင်အားကြီး ခုနစ်နိုင်ငံအဖွဲ့ (G-7)၊ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တို့နဲ့ ပူးပေါင်းဆောင်ရွက်ရေးအစား ပိုပြီးတော့ ထိပ်တိုက်တွေ့ဖို့ ရည်ရွယ်ထားပုံ ရတာ နဲ့အမျှ အခုလိုပြောဆိုလာတာပါ။ ကုန်သွယ်ရေးနဲ့ မဟာဗျူဟာပိုင်းမှာ တနိုင်ငံချင်းစီနဲ့ ဆက်ဆံလုပ်ဆောင်တာက အမေရိကန် အတွက် ပိုပြီးကောင်းမယ်ဆိုတာကို သမ္မတထရမ့်ပ်က ထပ်ခါတလဲလဲ ပြောထားဖူးပါတယ်။

သီတင်းနှစ်ပတ်တောင် မရှိတော့တဲ့အချိန်အတွင်းမှာ NATO အဖွဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး တက်ဖို့အတွက် ဥရောပ ကို သမ္မတထရမ့်ပ် သွားမှာဖြစ်ပြီး အဲဒီနောက် ဗြိတိန်ဝန်ကြီးချုပ် Theresa May နဲ့ ဗြိတိန်မှာ သီးခြားတွေ့ဆုံမှာဖြစ်သလို ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဖင်လန်နိုင်ငံ၊ Helsinki မြို့တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

ရုရှား၊ တောင်ကိုရီးယားနဲ့ NATO အဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Alexander Vershbow က “ဒီကိစ္စဟာ ပူတင့် အတွက် ဒီ့ထက် ပိုကောင်းစရာတော့ မရှိတော့ပါဘူး။ ကျနော်တို့ မဟာမိတ်တွေကို အသုံးချပြီး ထရမ့်ပ်နဲ့ ပူတင်အကြား မိတ်ဘက်ဆက်ဆံရေး အသစ်တခုကို Helsinkin အစည်းအဝေးမှာ အခိုင်အမာ တည်ဆောက်သွားနိုင်ကြမှာပါပဲ” လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG