သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝအန္တရာယ် ကြိုတင်ပြင်ဆင်မှု အားနည်းနေဆဲ


၂၀၀၄ ခုနှစ်ကဖြစ်ခဲ့တဲ့ ဆူနာမီ ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွေကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကျင်းပခဲ့ပြီး - ဒီအခမ်းအနားကို ထိုင်းလူမျိုးတွေ၊ နိုင်ငံခြားသားတွေ နဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေ - ရာပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးစနစ်တွေအတွက် ဒေါ်လာ သန်းပေါင်းများစွာ အကုန်ကျခံ သုံးစွဲနေပေမဲ့လို့လည်း - ဒေသတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ချက် တွေမှာတော့ အားနည်းချက်တွေ ရှိနေဆဲပဲ ဆိုတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Ron Corben ရဲ့ သတင်းပေးပို့ချက်ကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က အိန္ဒိယသမုဒ္ဒရာတွင်း ဧရာမ ဆူနာမီ လှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်က ကုန်းပေါ်မှာ သောင်တင်ခဲ့ တဲ့ ထိုင်းရဲလှေတစင်းအနီးမှာ - ၁၀ နှစ်ပြည့်နှစ် ပတ်လည်အခမ်းအနားတွေကို ကျင်းပခဲ့ကြ တာပါ။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန် အိုချာ ဦးဆောင်ပြီး ညနေစောင်းမှာကျင်းပခဲ့တဲ့ ဒီအခမ်းအနားကိုတော့ ဆူနာမီကြောင့် သေဆုံးပျောက်ဆုံးခဲ့ကြတဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံက အသက်မသေ ကျန်ရစ်သူတွေ၊ မိသားစုတွေအပြင် ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ကြတာပါ။

ခရစ္စမတ်အားလပ်ရက်မှာ ထိုင်းနိုင်ငံကို အလည်လာတဲ့ နိုင်ငံခြားသား ၂ ထောင့် ၂၀၀ ကျော်ဟာ ဒီဖန်ငခရိုင်အနီးမှာ သေဆုံးခဲ့ကြပြီး၊ ဒီအထဲမှာ ဂျာမနီနိုင်ငံက ၅၃၄ ယောက်နဲ့ ဆွီဒင် နိုင်ငံက ၅၂၆ ယောက်နဲ့ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၅ ထောင့် ၄ ရာကျော်အနက် ၂ ထောင့် ၅ ရာ ကတော့ ထိုင်းနိုင်ငံသားတွေ ဖြစ်ကြပြီး၊ ကျန်သူတွေကတော့ - ဖင်လန်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတွေက ဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား ရာပေါင်းများစွာလည်း သေဆုံးခဲ့ကြရတာပါ။

ဒေသတခုလုံးအနေနဲ့ ခြုံကြည့်ရင်တော့ - ဆူနာမီကြောင့် သေဆုံးခဲ့ရသူ ၂ သိန်း ၃ သောင်းရှိပြီး၊ ဒီအထဲက ၁ သိန်း ၃ သောင်းကတော့ ဆူနာမီ ရေလှိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါ အာချေးပြည်နယ်က ဖြစ်ပါတယ်။

ကြေကွဲဖွယ်ရာ ဖြစ်ရပ်ကြောင့် အလားတူ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရတာမျိုးတွေ နောက်ထပ်မကြုံရလေအောင်လို့ ကြိုတင်သတိပေးစနစ်တွေ တပ်ဆင်ထားဖို့အတွက် နိုင်ငံတကာကနေ အကြီးအကျယ် ကြိုးပမ်းခဲ့ကြတာပါ။ ပင်လယ်ရေမျက်နှာပြင် လှုပ်ရှားမှုတွေကို တိုင်းတာစောင့်ကြည့်ရေး ကိရိယာတွေ အပါအဝင် ကြိုတင်သတိပေးစနစ်တွေကိုလည်း ဒေသတွင်း နိုင်ငံပေါင်း ၂ ဒါဇင်ကျော်မှာ တပ်ဆင်ခဲ့ကြပါတယ်။

ဒါပေမဲ့လို့လည်း အစိုးရတွေအနေနဲ့ ဒီထက်မက လုပ်ဆောင်သင့်တယ်လို့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးကော်မရှင်ရဲ့ သဘာ၀ ဘေးအန္တရာယ် လျှော့ချရေးတာဝန်ခံ - ရှမီခါ ဆီရီမန် (Shamika Sirimanne) က ဆိုပါတယ်။

“ရင်းနှီးမြှုပ်နှံ သုံးစွဲဖို့ အမြောက်အများ လိုအပ်နေတယ်၊ ကြိုတင်သတိပေးစနစ်တွေကို လိုအပ်တဲ့နေရာတွေမှာ အပြည့်အ၀ ထားရှိဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိလာစေဖို့ ကပ်ဘေးဒဏ်နဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေးနဲ့ အစီအစဉ်တွေ လိုအပ်ပါတယ်။ လုပ်စရာတွေကလည်း တပုံကြီး ရှိနေသေးတဲ့အတွက် ဒါဟာ မပြီးပြတ်သေးတဲ့ ကိစ္စတခုပါ။”

အာရှပစိဖိတ်ဒေသတွင်းမှာ ငလျင်နဲ့ ဆူနာလို သဘာဝကပ်ဘေးနဲ့ ကြုံရနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ ၂၀၀၄ ခုနှစ်မတိုင်ခင် သတိပေးခဲ့ဖူးတဲ့ ထိုင်းမိုးလေဝသပညာရှင် - စမစ် ဒါမာစာလိုဂျာ (Samith Dharmasaroja) ကလည်း - ကြိုတင်သတိပေးစနစ်တွေ တပ်ဆင်ထားပေမဲ့ ကျကျနန ထိန်းသိမ်းတာမျိုး မရှိကြဘူးလို့ ထောက်ပြပါတယ်။

“ထိုင်းတောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းက ဌာန ၁၀၀ လောက်မှာ ကြိုတင်သတိပေးစနစ်တွေ ကျနော်တို့ တပ်ဆင်ထားပါတယ်။ ဒါပေမဲ့ ဒါတွေကို ဘယ်သူကမှ တာဝန်ယူတာလည်းမရှိ၊ ထိန်းသိမ်းတာလည်း မရှိဘူး၊ သတိပေးမျှော်စင်တွေမှာ ဆိုရင်လည်း တခုချင်းကို ပုံမှန်ထိန်းသိမ်းတာမျိုးလည်း မရှိကြပါဘူးဗျာ။”

ဒါ့အပြင် ဆူနာမီကြောင့် သေဆုံးခဲ့သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို စစ်ဆေးရတဲ့ နိုင်ငံတကာ သိပ္ပံပညာရှင်တွေ၊ ရဲတွေနဲ့အတူ ထိုင်းတောင်ပိုင်းမှာ ၁ လခွဲလောက် အလုပ်အတူ တွဲလုပ်ခဲ့ဖူးတဲ့ ထိုင်းနိုင်ငံက ထိပ်တန်းမှုခင်းဆေးပညာရှင် ဖွောန်ထစ် လိုဂျာနာဆူနန့် (Pornthip Rojanasunand) ကလည်း - အဲ့ဒီမှာရှိတဲ့ ဒေသတာဝန်ရှိသူတွေရော၊ လူထုတွေပါ - နောက်ဖြစ်လာမယ့် သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ ကြိုတင် ပြင်ဆင်ထားတာမျိုးတွေ မရှိကြဘူးလို့ ပြောဆိုခဲ့ပါတယ်။

ခေတ်မီကြိုတင် သတိပေးစနစ်တွေကိုတော့ ဒေါ်လာ သန်းပေါင်း ၄၀၀ ကျော် အကုန်အကျခံပြီး နိုင်ငံပေါင်း ၂၈ ခုလောက်မှာ တပ်ဆင်ထားတာပါ။ ဒါပေမဲ့လို့လည်း ဒီစနစ်တွေနဲ့ ပတ်သက်လို့ လူထုကို ပညာပေးမှု အားနည်းတာတွေ၊ အလုပ်မဖြစ်တာတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါအာချေးပြည်နယ်မှာ ၈ ဒဿမ ၆ ပြင်းအားရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ချိန်မှာလည်း လူတွေ ထိတ်လန့်ခြောက်ခြားပြီး ရာသီဥတု ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားတဲ့ အရေးပေါ် ခိုလှုံရာနေရာတွေ ကိုလည်း မသွားခဲ့ကြပါဘူး။ ခိုလှုံရမယ့် နေရာကို မသွားကြပဲ ပြေးကြလွှားကြရင် လမ်းတွေ ပိတ်နေတာ၊ သတိပေးဥသြသံတွေ မမြည်တာမျိုးတွေပဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG