တူနီးရှားနိုင်ငံမှာ ၂၀၁၅ ခုနှစ်က လူပေါင်း ၆၀ လောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု ၂ ခု ဖြစ်ပွါးခဲ့ပြီး ဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်နေတယ်လို့ သံသယ ရှိသူ ၇ ဦးကို တူနီးရှားအာဏာပိုင်တွေက ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရသူအများစုဟာ နိုင်ငံခြား ခရီးသွားတွေ ဖြစ်ပါတယ်။
တူနီးရှားနိုင်ငံက နံမယ်ကျော် Bardo ပြတိုက်နဲ့ နံမယ်ကျော် ပင်လယ်ကမ်းခြေအပမ်းဖြေစခန်းတွေမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ဆက်နွယ်ပြီး အဖမ်းဆီးခံထားရသူ ၄၄ ယောက်ရဲ့ ရှေ့နေတွေထဲက တယောက် ဖြစ်တဲ့ Samir Ben Amor က တရားရုံးက စနေနေ့မှာ စီရင်ချက်ချခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။
သံသယရှိသူ ၂၇ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျန် သံသယရှိသူတွေကတော့ ထောင်ဒဏ် ၆ လကနေ ၁၆ နှစ်အထိ ထောင်ဒဏ်ပြစ်ဒဏ် အသီးသီး ကျခံခဲ့ရတယ်လို့ပြောပါတယ်။ ဒါပေမယ့် ဘယ်သူမှ ကြီးလေးတဲ့ ပြစ်ဒဏ်အချမခံခဲ့ရဘူးလို့ ပြောပါတယ်။
IS စစ်သွေးကြွတွေက ဒီတိုက်ခိုက်မှုတွေနဲ့အတူ နိုင်ငံခြားခရီးသွားတွေ အလာများတဲ့ Imperial ဟော်တယ် တိုက်ခိုက်မှုတွေကိုပါ သူတို့ လုပ်ဆောင်တာဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပြီး နိုင်ငံခြားအစိုးရတွေက ချက်ချင်းပဲ တူနီးရှားခရီးသွား သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။