သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှားလွှတ်တော် ဥက္ကဌ သမ္မတ တာဝန်ယူ


တူနီးရှားလွှတ်တော် ဥက္ကဌ သမ္မတ တာဝန်ယူ

တူနီးရှားနိုင်ငံတခုလုံးမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကြားဖြတ်အစိုးရရဲ့ ယာယီသမ္မတဟာ အောက်လွှတ်တော်ဥက္ကဌ ဖြစ်ပြီး ၀န်ကြီးချုပ်ဟာ ယာယီသမ္မတ လုပ်လို့မရဘူးလို့ တူနီးရှားရဲ့ အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကောင်စီက အစိုးရပိုင် ရုပ်မြင်သံကြားဌာနကနေ လွန်ခဲ့တဲ့ ၁ နာရီလောက်က ကြေညာသွားခဲ့ပါတယ်။ ဒါကြောင့် အောက်လွှတ်တော်ဥက္ကဌ Fouad Mebazaa ဟာ ယာယီသမ္မတ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် သမ္မတဟောင်း ဇင်းအယ်လ်အဘီဒင်း ဘန်အလီ (Zine al-Abidine Ben Ali) ဟာ နိုင်ငံက အပြီးအပိုင် ထွက်ခွာသွားပြီး သူ့ရဲ့ သမ္မတရာထူး စွန့်လွှတ်မှုဟာ ယာယီမဟုတ်ဘူးလို့လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကောင်စီက ကြေညာသွားခဲ့ပါတယ်။

တူနီးရှားနိုင်ငံမှာ လူထုဆန္ဒပြပွဲတွေကြောင့် သမ္မတဟောင်း ဇင်းအယ်လ်အဘီဒင်း ဘန်အလီနဲ့မိသားစု ဆော်ဒီအာရေးဗီးယားနိုင်ငံကို ထွက်ပြေးခိုလှုံသွားပြီးတဲ့နောက်တရက် ဒီကနေ့မှာပဲ အစပထမမှာ ကြားဖြတ်အစိုးရရဲ့ ယာယီသမ္မတ တာဝန်ကို သူ ယူထားတယ်လို့ ၀န်ကြီးချုပ် မိုဟာမတ် ဂန်နီချီ (Ghannouchi) က ကြေညာခဲ့ပါတယ်။ နိုင်ငံတွင်းမှာ တရားဥပဒေ စိုးမိုးရေးဟာ သူ့ရဲ့ ပထမဦးစားပေး လုပ်ငန်းဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သမ္မတဟောင်း ဘန်အလီဟာ နိုင်ငံက ထွက်ခွာမသွားခင်မှာ သူ့အစိုးရအဖွဲ့ရဲ့ နောက်ဆုံး ကြေညာချက်အဖြစ် အရေးပေါ်အခြေအနေကို ကြေညာသွားခဲ့ပြီး လူ ၃ ဦးထက်ပိုပြီး စုဝေးခြင်းမပြုဖို့နဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နှင်းဖို့တွေကို အမိန့်ထုတ်ပြန်ထားခဲ့ပါတယ်။ သောကြာနေ့ကတော့ မြို့တော် တူးနစ် (Tunis) ရဲ့ အဓိက ရထားဘူတာရုံကြီးကို ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့ပြီး ဈေးဆိုင်ခန်းတွေမှာ ဖောက်ထွင်းခိုးယူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သမ္မတဟောင်း ဘန်အလီရဲ့ လေယာဉ် ဆော်ဒီအာရေးဗီးယားကို ထွက်ခွာသွားချိန်မှာ တူနီးရှားရဲ့ လေကြောင်းပိုင်နက်ကို တူနီးရှားလေတပ်က ပိတ်ဆို့ထားလိုက်ပြီး ဒီကနေ့မှာတော့ ပြန်ဖွင့်ပေးခဲ့ပါတယ်။ တလအကြာ သမ္မတ ဘန်အလီ ရာထူးကနေ နှုတ်ထွက်ပေးရေး ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၂၃ ဦးဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ အစိုးရက တရားဝင် ကြေညာခဲ့ပေမဲ့ ဒီထက်မက သေဆုံးမှုတွေ ရှိတယ်လို့ ဆေးရုံဝန်ထမ်းတွေက ဖော်ထုတ်ခဲ့ကြပါတယ်။

အမေရိကန် အမှတ် (၆) ရေတပ်စခန်းချရာ မြေထဲပင်လယ်ရဲ့ အာဖရိကဘက်က တူနီးရှားနိုင်ငံရဲ့ တပ်မတော်ဟာ အမေရိကန်ရဲ့ စစ်ရေးထောက်ပံ့မှုတွေကို နှစ်စဉ် အလုံးအရင်း ရရှိနေတာဖြစ်ပြီးတော့ အခု တူနီးရှား အရေးအခင်းမှာ တူနီးရှားစစ်တပ်က အကြမ်းဖက်မှုတွေ မလုပ်ဖို့ အမေရိကန်က ဖိအားပေးခဲ့တယ် လို့လည်း တချို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ သမ္မတ ဘရက်အိုဘားမားကတော့ Jasmine Revolution လို့ခေါ်ဝေါ်နေတဲ့ ပြည်သူ့အင်အား လှုပ်ရှားမှုနဲ့ ၂၃ နှစ်ကြာ အုပ်စိုးခဲ့တဲ့ အာဏာရှင် သမ္မတဟောင်း ဘန်အလီကို တူနီးရှားပြည်သူတွေက ဖြုတ်ချနိုင်ခဲ့တာကို သောကြာနေ့က ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG