သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှားသမ္မတဟောင်းအပေါ် ၁၈မှု စွဲဆိုမည်


တူနီးရှားသမ္မတဟောင်းအပေါ် ၁၈မှု စွဲဆိုမည်
တူနီးရှားသမ္မတဟောင်းအပေါ် ၁၈မှု စွဲဆိုမည်

တူနီးရှား သမ္မတဟောင်း ဇင်းအယ်လ်အဘီဒင်း ဘန်အလီ (Zine El Abidine Ben Ali) အပေါ် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လူသေစေမှုတွေပါဝင်တဲ့ စွဲချက်ပေါင်း ၁၈ချက်နဲ့ တရားစွဲနိုင်ဖို့ တူနီးရှား တရားရေးဆိုင်ရာ တာဝန်ရှိသူတွေ ပြင်ဆင်နေကြပါတယ်။ ဗုဒ္ဓဟူးနေ့ညပိုင်းက ထုတ်လွှင့်တဲ့ အစိုးရ ရုပ်သံမေးမြန်းခန်းတခုမှာ သမ္မတဟောင်းကို တရားစွဲမယ့် အစီအစဉ်ကို တရားရေးဝန်ကြီး လဇ်ဟာကရိုအီ ချက်ဘီ (Lazhar Karoui Chebbi) က ပြောသွားတယ်လို့ အစိုးရရဲ့ TAP သတင်းဌာနက ပြောပါတယ်။

မစ္စတာ ဘန်အလီ အပါအဝင် သူ့ရဲ့ မိသားစုဝင်တွေ၊ သူ့ရဲ့ နိုင်ငံရေးမဟာမိတ်တွေ အပေါ် အမှုပေါင်း ၄၄မှု လောက်အထိ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ တရားရေးဝန်ကြီးက ပြောပါတယ်။

ဇန်နဝါရီလက တူနီးရှားပြည်သူတွေရဲ့ အုံကြွမှုကြောင့် နိုင်ငံကို ၂၃ နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ သမ္မတ ဘန်အလီ ရာထူးကနေ ဆင်းပေးခဲ့ရပြီး ဆော်ဒီအာရေဘီးယား နိုင်ငံကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ သူ့မိသားစုဝင် တချို့နဲ့ တူနီးရှားမှာကျန်ခဲ့တဲ့ အနီးကပ် ပုဂ္ဂိုလ်တွေကတော့ အခု ထိန်းသိမ်းခံနေရပါတယ်။

နိုင်ငံပြန်လာပြီး တရားဥပဒေနဲ့အညီ ရင်ဆိုင်ဖို့ သမ္မတဟောင်းကို ဆော်ဒီအာရေဘီးယားကနေ တရားခံ လွှဲပြောင်းရေး အစီအစဉ်နဲ့ ပြန်ပို့ဖို့ တရားရေးဌာနက ကြိုးစားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

မစ္စတာ ဘန်အဘီနဲ့ နိုင်ငံခြားကို ထွက်သွားကြတဲ့ သူ့မိသားစုဝင်ကို နိုင်ငံတကာ ရဲအဖွဲ့ အင်တာပို (Interpol) ရဲ့အကူအညီနဲ့ ဖမ်းဆီးနိုင်ဖို့ တူနီးရှားနိုင်ငံက ကြိုးစားနေပါတယ်။ မစ္စတာ ဘန်အလီဟာ လေဖြတ်ပြီး အခြေအနေဆိုးလို့ ဆော်ဒီဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ အနောက်တိုင်းမီဒီယာတွေက ဖေဖော်ဝါရီလက သတင်းထုတ်ပြန်ခဲ့ကြပါတယ်။

XS
SM
MD
LG