သုံးရလွယ်ကူစေသည့် Link များ

အာရပ်နွေဦးလှုပ်ရှားမှု နှစ်ပတ်လည် တူနီးရှားပြည်သူ ထောင်ချီ ဆန္ဒပြ


Tunisia
Tunisia

တူနီးရှားနိုင်ငံမှာ ဒီမိုကရေစီရေး တောင်းဆိုခဲ့ကြတဲ့၂၀၁၁ ခုနှစ် အာဏာရှင်ဆန့်ကျင်ရေး နွေဦးလှုပ်ရှားမှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီကနေ့မှာ တူနီးရှားပြည်သူ ထောင်နဲ့ချီ မြို့တော် Tunis မှာ ချီတက်ဆန္ဒပြကြပါတယ်။ နိုင်ငံတွင်း စီးပွားရေး အကျပ်အတည်းတွေနဲ့ သမ္မတ Kais Saied ရဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အစိုးရကို မကျေနပ်တဲ့ ပြည်သူတွေနဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေ ဒီနေ့ အာရပ်နွေဦးတော်လှန်ရေး ၁၂ နှစ်ပြည့်ချိန်မှာ စုဝေးချီတက်ကြတာပါ။

ဆန္ဒပြပွဲတွေ အစဉ်အဆက် ကျင်းပလာခဲ့တဲ့ Tunis မြို့လယ်က Habib Bourguiba လမ်းမကြီးရှိရာ ချီတက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ အမိန့်ကို အာခံပြီး လုံခြုံရေးအကာအရံတွေကို တွန်းဖယ်ဆန္ဒပြခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် တွန်းထိုးရင်း ရုန်ရင်းဆန်ခတ် အခြေအနေတချို့လည်း ဖြစ်ခဲ့ပါတယ်။

Habib Bouguiba လမ်းပေါ်မှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အဦး အပြင်ဘက်မှာတော့ ရဲတပ်ဖွဲ့အင်အား အများအပြား မီးသတ်ပိုက်တွေနဲ့ စောင့်ကြပ်နေပါတယ်။ လက်ရှိ သမ္မတ Saied က ရွေးကောက်ခံလွှတ်တော်ကို ၂၀၂၁ ခုနှစ်မှာ ပယ်ဖျက်ပြီး နိုင်ငံရေး အပြောင်းအလဲတွေ လုပ်ဖို့ ကြိုးစားပေမဲ့၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် နည်းပါးခဲ့သလို၊ အသစ်ဖွဲ့စည်းတဲ့ လွှတ်တော်ကို ပြည်သူအများစုက မထောက်ခံပါဘူး။ သမ္မတရဲ့ အစီအစဉ်တွေဟာ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ အာဏာသိမ်း ဆောင်ရွက်မှုတွေ ဖြစ်တယ်လို့ ဆိုပြီး အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ အလုပ်သမားသမဂ္ဂတွေ အများစုပါဝင်တဲ့ အဓိက နိုင်ငံရေး အင်အားစုတွေက ကန့်ကွက်နေကြပါတယ်။

==== Unicode ======




XS
SM
MD
LG