တူနီးရှားနိုင်ငံ မြို့တော်က ပြတိုက်မှာ လူ ၂၃ ယောက် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လူ ၉ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးလိုက်သူတွေထဲမှာ ၄ ဦးဟာ Tunis မြို့တော်က Bardo အမျိုးသား ပြတိုက်က တိုက်ခိုက်မှုမှာ တိုက်ရိုက်ပတ်သက်တယ်လို့ ယုံကြည်ရပြီး၊ နောက် ၄ ယောက်ကတော့ သေနတ်သမားတွေနဲ့ ပူးပေါင်းကြံစည်သူတွေနဲ့ နီးစပ်သူတွေလို့လည်း တူနီးရှား သမ္မတရုံးက ပြောပါတယ်။
Yassine Laabidi နဲ့ Hatem Khachnaoui ဆိုသူ သေနတ်သမား ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက အသေဖမ်းဆီး မိခဲ့ပြီး နာရီပိုင်းအကြာမှာပဲ တိုက်ခိုက်မှုမှာ ပူပေါင်းကြံစည်သူတွေ အဖြစ် သံသယရှိသူတွေကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတဲ့အကြောင်း ပြောဆိုခဲ့ကြတာပါ။ သေနတ်သမား ၂ ယောက်ကတော့ ပြတိုက်မှာ ကမ္ဘာလှည့်တွေကို လိုက်လံ ပစ်ခတ်ပြီး နောက်ပိုင်းမှာ လူတချို့ကို ဓားစာခံအဖြစ်နဲ့ ဖမ်းဆီးထားခဲ့ကြပါတယ်။
ဝန်ကြီးချုပ် Habib Essid ကတော့ သေနတ်သမားတွေဟာ ဘယ်အဖွဲ့အစည်းတွေနဲ့ ပတ်သက်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောဆိုထားတာပါ။ တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာတော့ နိုင်ငံခြားသား ခရီးသွား ၂၀ နဲ့ တူနီးရှားနိုင်ငံသား ၃ ယောက် ပါဝင်တယ်လို့လည်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူတွေထဲ ဂျပန်နိုင်ငံသား ၃ ယောက် ပါဝင်တဲ့အကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူတွေ အတည်ပြုခဲ့ကြသလို ဂျာမနီ၊ အီတလီ၊ ပိုလန်နဲ့ စပိန်နိုင်ငံသားတွေ ပါဝင်ကြောင်းလည်း တူရကီ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။ တူနီးရှား လွှတ်တော် ဥက္ကဋ္ဌကတော့ အကြမ်းဖက်သမားတွေဟာ တိုင်းပြည်ထဲအထိ ရောက်နေပြီး၊ ဒီကနေ့ခေတ် အကြမ်းဖက်ဝါဒဟာလည်း ပုံစံပြောင်းလဲလာရာမှာ တိုင်းပြည်ရဲ့ အမျိုးသား သင်္ကေတတွေကို ပစ်မှတ်ထား လာနေတာ တွေ့နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။