သုံးရလွယ်ကူစေသည့် Link များ

တူနီးရှားနိုင်ငံ Tunis မြို့တော်က လွှတ်တော်အနီးမှာရှိတဲ့ နာမည်ကျော် ပြတိုက်တခုကို ဒီကနေ့ တိုက်ခိုက်မှုအတွင်း နိုင်ငံခြားသား ၁၇ ယောက် အပါအ၀င် လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း ၀န်ကြီးချုပ်ကို ကိုးကားပြီး တူနီးရှားနိုင်ငံကလာတဲ့ သတင်းတွေက ဖော်ပြပါတယ်။

နာရီအတော်ကြာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့အပြီး Bardo အမျိုးသားပြတိုက်ထဲမှာ သေနတ်သမားတွေအဖြစ် သံသယရှိသူ ၂ ဦးလည်း သေဆုံးသွားခဲ့သလို၊ တူနီးရှား နိုင်ငံသားတဦး၊ ရဲတပ်ဖွဲ့ဝင် တဦးလည်း သေဆုံးသွားခဲ့တယ်လို့ တူနီးရှားသမ္မတ Beji Caid Essebsi က ပြောဆိုခဲ့တာပါ။

ဓားစာခံအဖြစ် ဖမ်းဆီးခံရသူတွေအားလုံး ပြန်လည် လွတ်မြောက်လာတဲ့ အကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုခဲ့တာပါ။ ဓားစာခံတွေကို ကယ်တင်တဲ့ စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့ဝင်တဦးလည်း သေဆုံးသွားခဲ့ပါတယ်။

ပြည်ထဲရေး ၀န်ကြီးဌာန ပြောခွင့်ရသူကတော့ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသူ ၂ ဦး ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့အချိန် ပြတိုက်ထဲမှာ ဧည့်သည် ၁၀၀ လောက် ရှိနေတယ်လို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း တိုက်ခိုက်သူတွေဟာ ဘယ်သူလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တူနီရှားနိုင်ငံက ရုပ်မြင်သံကြား သတင်းတွေမှာတော့ အသက်ကြီးသူတွေနဲ့ ကလေးငယ် ကမ္ဘာလှည့်ခရီးသွားတွေ လုံခြုံရေး လက်နက်ကိုင်တွေ အကာအကွယ်အောက်မှာ ထွက်ပြေးလွတ်မြောက်လာကြတဲ့ ပုံတွေကို တွေ့ရပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ Sayida Ounissi ကတော့ လွှတ်တော်တွင်းက လူတွေကို အရေးပေါ် ဘေးကင်းလုံခြုံရာ ပြောင်းရွှေ့ပေးနေတဲ့အကြောင်း Twitter အင်တာနက် လူမှုကွန်ယက်မှာ ပြောဆိုခဲ့ပါတယ်။

လွှတ်တော်ထဲမှာတော့ တရားရေးဌာန၀န်ကြီး၊ တရားသူကြီးတွေနဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေ ရှိနေကြပြီး၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေး နေတယ်လို့လည်း သူကပြောဆိုခဲ့တာပါ။

XS
SM
MD
LG