သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှားတိုက်ခိုက်မှု သေနတ်သမား ၂ ဦး အပါအဝင် လူ ၂၀ ကျော်သေဆုံး


တူနီးရှားနိုင်ငံ မြို့တော်မှာ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်တဲ့ အထင်ကရ ပြတိုက်တခုကို သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်လို့ နိုင်ငံခြားဧည့်သည် အများအပြား အပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးသွားခဲ့ပါတယ်။

စစ်ယူနီဖောင်းဝတ် သေနတ်သမား ၂ ဦး Bardo အမျိုးသားပြတိုက်မှာ ဧည့်သည်တွေကို လိုက်လံတိုက်ခိုက်ပြီး လူအနည်းငယ်ကို ဖမ်းဆီးခဲ့ကြတယ်လို့ တူနီးရှားဝန်ကြီးချုပ် Habib Essid က ပြောကြားလိုက်ပါတယ်။

ဓားစာခံတွေ လွတ်မြောက်အောင် ကြိုးပမ်းရင်း သေနတ်သမား ၂ ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ပါတယ်။ ဒါပေမဲ့ အပေါင်းအပါ တရားခံ ၃ ယောက်ကို ရှာဖွေနေဆဲ ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

သေနတ်သမားတွေ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။ သေဆုံးသူတွေအနက် ဂျာမနီ၊ အီတလီ၊ ပိုလန်နဲ့ စပိန်နိုင်ငံတို့က ကမ္ဘာလှည့်ခရီးသည် ၁၇ ဦး၊ တူနီးရှားနိုင်ငံသား ၂ ဦး ပါဝင်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

နောက်ထပ် ၂၄ ဦးလည်း ဒဏ်ရာတွေ အသီးသီး ရရှိသွားကြပါတယ်။ သက်ကြီးရွယ်အို ခရီးသွားတွေ၊ ကလေးသူငယ်တွေ လုံခြုံရေး အကာအကွယ်နဲ့ ထွက်ပြေးနေပုံတွေကို တူနီးရှား ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။

တိုက်ခိုက်ခံရချိန် ပြတိုက်ထဲမှာ လူ ၁၀၀ ခန့် ရှိနေခဲ့တယ်လို့လည်း ပြောခွင့်ရအရာရှိတဦးက ဆိုပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆွေးနွေးဖို့ရှိနေတဲ့ တူနီးရှားပါလီမန်ကိုလည်း တိုက်ခိုက်ချိန်အတွင်းမှာ ရုပ်သိမ်းလိုက်ရပါတယ်။

XS
SM
MD
LG