သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီအာဏာသိမ်း ဆက်စပ်ထိန်းသိမ်းခံရသူ ၆,၀၀၀ နီးပါးရှိပြီ


အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ဆက်နွယ်ပြီး ဖမ်းဆီးခံရတဲ့ စစ်သားများ
အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ဆက်နွယ်ပြီး ဖမ်းဆီးခံရတဲ့ စစ်သားများ

တူရကီ နိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ဆက်နွယ်ပြီး တရားသူကြီးတွေနဲ့ စစ်တပ်အရာရှိတွေကို ဆက်ပြီး ဖမ်းဆီးနေတာမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ စစ်သားတွေ ထပ်ပြီးဖမ်းခံရပါတယ်။ ထိန်းသိမ်းထားသူ ၆ ထောင်နီးပါး ရှိနေပြီ ဖြစ်ပြီး အရေအတွက် ထပ်တိုးလာဦးမယ်လို့ တရားရေး ဝန်ကြီး Bekir Bozdag က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ကြည်းတပ် တပ်မဟာ ၃ ရဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Erdal Ozturk လည်း ပါဝင်ပြီၤး နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲဆိုခံရနိုင်ဖွယ် ရှိနေပါတယ်။ တခြားစစ်တပ် ထိပ်တန်း အရာရှိတွေကတော့ အိမ်နီးချင်း ဂရိ နိုင်ငံကို ရဟတ်ယာဉ်နဲ့ ပျံသန်းခဲ့ကြပြီး နိုင်ငံရေး ခိုလှုံခွင့်တောင်းခံခဲ့ကြပါတယ်။ ထွက်ပြေးခဲ့ကြသူတွေထဲက တချို့ကတော့ အာဏာသိမ်းဖို့ အတွက် အကွက်ချစီစဉ်ခဲ့ကြသူတွေထဲမှာ ပါဝင်မယ်လို့ ယုံကြည်ထားတဲ့ အကြောင်းလည်း တူရကီ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ စစ်သားတချို့ရဲ့အာဏာသိမ်းဖို့ ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် မနေ့ စနေနေ့ညကတော့ ထောင်နဲ့ချီတဲ့ တူရကီ ပြည်သူတွေ အန်ကာရာမြို့တော်ရဲ့ Kizilat ရင်ပြင်၊ အစ္စတန်ဘူးလ် မြို့လယ်နဲ့ ကမ်းရိုးတန်းမြို့ Izmir တို့မှာ စုဝေးခဲ့ကြပြီး သမ္မတ ရီဆက် တေရပ်ဗ် အာဒိုဝမ်နဲ့ သူ့အစိုးရကို ထောက်ခံကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းမှု အတွင်း ထိပ်တိုက်တွေ့မှုတွေကြား သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ အမျိုးမျိုး ကွဲပြားနေပေမယ်လို့ မနေ့ စနေနေ့ညက နောက်ဆုံးရရှိတဲ့ စာရင်းဇယားတွေ အရ သေဆုံးသူ ၂၆၅ ယောက်ထိ ရှိခဲ့ပြီး ဒီထဲမှာ အရပ်သား အများအပြား ပါဝင်ပါတယ်။ အစ္စတန်ဘူးလ်၊ အန်ကာရာမြို့တော်နဲ့ တခြား ခရိုင်မြို့တွေမှာ အခြေအနေတွေကတော့ တင်းမာမှု ရှိနေဆဲဖြစ်ပါတယ်။ တူရကီ သမ္မတ ရီဆစ်ပ် တေးရပ်ဗ် အာဒိုဝမ်ကတော့ သူ့ကို အာဏာက ဖြုတ်ချဖို့ ကြိုးပမ်းသူတွေဟာ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေတဲ့ မူဆလင် ဘာသာရေး ဆရာ Fethullah Gulen ရဲ့ နောက်လိုက်တွေ ဖြစ်တယ်လို့ ပြစ်တင် ပြောဆိုပါတယ်။

Fethullah Gulen ကို ဖမ်းဆီးဖို့ ဒါမှမဟုတ်ရင်လည်း လွှဲပြောင်းပေးဖို့ အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားကို တောင်းဆိုမယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။ အမေရိကန် ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယားမှာ နေထိုင်နေတဲ့ တူရကီနွယ်ဖွား မူဆလင် ဘာသာရေး ဆရာ Fethullah Gulen ကတော့ သူ့မွေးရပ်မြေ တူရကီ နိုင်ငံက စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG