သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ဗုံးကွဲမှု ၁၀ ဦးထက်မနည်း သေဆုံး


တူရကီ ဗုံးကွဲမှု
တူရကီ ဗုံးကွဲမှု

တူရကီနိုင်ငံမှာ အနည်းဆုံး လူ ၁၀ ယောက် သေဆုံးပြီး နောက်ထပ် ၁၅ ဦး ဒဏ်ရာရရှိသွားတဲ့ ဖောက်ခွဲမှုကို Syria က အသေခံဗုံးခွဲတိုက်ခိုက်သူက လုပ်ဆောင်တာလို့ ယူဆရကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ပြောပါတယ်။

သမ္မတ Erdogan က ဒီတိုက်ခိုက်မှုကို ရုပ်မြင်သံကြားမိန့်ခွန်းမှာ ရှုတ်ချ ပြောဆိုသွားပြီး ဒီတိုက်ခိုက်မှုမှာ သေဆုံးသူတွေထဲ နိုင်ငံခြားသားတွေလည်း ပါဝင်တာပါ။

Istanbul မှာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေ စိတ်ဝင်စားတဲ့ Blue Mosque ဗလီနဲ့Haga Sophia ပြတိုက်တို့ ရှိတဲ့ Sultanahmet သမိုင်းဝင် ရပ်ကွက်မှာ ပေါက်ကွဲမှုုဖြစ်ပွားတာပါ။ ပေါက်ကွဲမှုက ကျယ်လောင်ပြီး မြေကြီးတောင် တုန်ခါသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် Ahmet Davutoglu က အရေးပေါ် လုံခြုံရေး အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ လောက်လ Ankara မြို့တော်က ရထားဘူတာရုံတရုံအပြင်ဘက်မှာ စုဝေးနေကြတဲ့ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတွေကို အသေခံဗုံးခွဲတိုက်ခိုက်မှု ၂ ခု ပြုလုပ်ခဲ့လို့ လူရာကျော် သေဆုံးခဲ့ရကတည်းက တိုက်ခိုက်မှုထပ်ဖြစ်လာနိုင်လို့ သတိပေးချက် ထုတ်ပြန်ထားရတာပါ။

အသေခံဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်နေတဲ့ IS အစ္စလာမ်မစ်စစ်သွေးကြွ အဖွဲ့ဝင် ၂ ဦး ကို ဖမ်းမိခဲ့ပြီး နောက်မှာလည်း Ankara မြို့တော်မှာ နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ အစီအစဉ်ကို အစိုးရက ဖျက်သိမ်းခဲ့ပါတယ်။ Syria နိုင်ငံက IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေမှာ တူရိကန်စစ်လေယာဉ်တွေ ပူးပေါင်းပါဝင်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG