သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ ၂၈ ဦးသေဆုံးတဲ့ တူရကီဗုံးပေါက်ကွဲမှု သမ္မတလက်တုံ့ပြန်မည်


တူရကီနိုင်ငံမြို့တော် အန်ကာရာမြို့လယ်ခေါင်မှာ လူပေါင်း ၂၈ ဦး သေဆုံးပြီး ၆၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကားဗုံးဖောက်ခွဲမှုမှာ တာဝန်ရှိသူတွေကို လက်စားချေသွားမယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုဟာ လူသားတွေရဲ့ ကိုယ်ကျင့်တရားနဲ့ စာနာမှုဘောင်တွေကို ကျော်လွန်ပြီး ပြုလုပ်လိုက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ဒီဗုံးခွဲမှုမှာ ပါဝင် ပတ်သက်သူတွေတင် သာမကဘဲ နောက်ကွယ်က ပါဝင် ပတ်သက်သူတွေကိုပါ တူရကီအနေနဲ့ လက်စားချေသွားမယ်လို့ သမ္မတက ပြောပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်သွားတဲ့အတွက် သမ္မတ Erdogan က စီစဉ်ထားတဲ့ သူ့ရဲ့ Azerbaijan နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဝန်ကြီးချုပ် Ahmet Davutoglu ကလည်း ဥရောပခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး ဒုက္ခသည်တွေအရေး ဆွေးနွေးမယ့် Brussels ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

အန်ကာရာမြို့လယ်မှာရှိတဲ့ တူရကီနိုင်ငံရဲ့ လွှတ်တော်နဲ့ စစ်ဌာနချုပ်တွေအနီးက လမ်းဆုံတခုက မီးပွိုင့်မှာ စစ်တပ်ယာဉ်တန်း ရပ်နေတဲ့အချိန် ကားဗုံးပေါက်ကွဲမှု ဖြစ်သွားခဲ့တာပါ။

ကားဗုံးပေါက်ကွဲသံကို မြို့ရဲ့တဘက်ခြမ်းကနေတောင် ကြားရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

နေတိုးညွန့်ပေါင်းအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း - ဗုဒ္ဓဟူးနေ့က ဖြစ်သွားခဲ့တဲ့ အဲဒီ ကြောက်မက်ဖွယ် လုပ်ရပ်တွေအတွက် ဘယ်လိုမှ အကြောင်းကောင်းပြချက် မရှိနိုင်ဘူးလို့ ပြောပါတယ်။

XS
SM
MD
LG