သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီအာဏာသိမ်းရန်ကြံစည်သူ ၃၄ဦး ထောင်ဒဏ်တသက် အမိန့်ချခံရ


တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ အာဏာသိမ်းဖို့ ကြံစည်မှုအတွင်း သမ္မတ Recep Tayyip Erdogan ကို လုပ်ကြံဖို့ ကြံစည်မှုနဲ့ အရေးယူခံထားရသူ ၃၄ ယောက်ကို ဒီကနေ့ပဲ တရားရုံးက ထောင်ဒဏ်တသက်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ပြစ်ဒဏ်စီရင် ခံရသူတွေထဲမှာတော့ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ညမှာ သမ္မတရှိရာ ဟိုတယ်ကို ဝင်ရောက်စီးနင်းမှုမှာ ပါဝင်ခဲ့သူတွေလို့ဆိုတဲ့ အဆင့်မြင့် စစ်ဗိုလ်ချုပ်တွေ အရာရှိကြီးတွေလည်း ပါဝင်ကြပါတယ်။ ဟိုတယ်ကို စစ်သားတွေ ဝင်ရောက်စီးနင်းရာမှာတော့ သမ္မတနဲ့ မိသားစုက ပွတ်ကာသီကာ လွတ်မြောက်ခဲ့တာပါ။ အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ဆက်နွယ်ပြီး စွပ်စွဲခံထားရသူတွေကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။

အမှုငယ်တော်တော်များများအတွက် ပြစ်ဒဏ်တွေကိုတော့ အစောပိုင်းမှာပဲ စီရင်ချက်ချခဲ့ပြီး၊ အဆင့်မြင့် အရာရှိတွေရဲ့ အမှုတွေကို စီရင်ချက်ချတာကတော့ ဒီတကြိမ်ဟာ ပထမဆုံးဖြစ်ပါတယ်။ အမှုရင်ဆိုင်နေရသူတွေကတော့ တရားခွင်ဟာ မျှတမှုမရှိကြောင်းနဲ့ ဖမ်းဆီးထားစဉ်မှာ ဖိနှိပ်ဆက်ဆံခံရတာတွေ ရှိကြောင်းလည်း ပြောဆိုနေကြတာပါ။ အစိုးရကတော့ တရားခွင်ရဲ့ လုပ်ငန်းတွေဟာ လွတ်လပ်မှုရှိကြောင်းနဲ့ နောက်ဆက်တွဲ ဖမ်းဆီးအရေးယူမှုတွေဟာ တူရကီနိုင်ငံရဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ဖြစ်ကြောင်း ပြောဆိုထားကြပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းမှုအတွင်းလူပေါင်း ၂၄၀ ကျော် သေဆုံးခဲ့ရတာပါ။ တူရကီ အာဏာပိုင်တွေကတော့ စွပ်စွဲခံရသူတွေကို တရားဥပဒေနဲ့အညီ အရေးယူရာမှာ အလျှော့ပေးမှာ မဟုတ်တဲ့အကြောင်း ပြောဆိုထားကြပါတယ်။ အာဏာသိမ်းဖို့ ကြံစည်မှုနောက်ပိုင်း လူပေါင်း ၅ သောင်းလောက်ဟာလည်း အမှုတွေနဲ့ ရင်ဆိုင်နေရသလို၊ တသိန်းခွဲလောက်ဟာလည်း ဖမ်းဆီးခံရ အလုပ်ဖြုတ်ခံရတာတွေနဲ့ ကြုံခဲ့ရတာပါ။ သတင်းမီဒီယာ ၁၅၀ လောက် ပိတ်ပင်ခံခဲ့ရသလို၊ သတင်းသမား ၁၆၀ လောက်ဟာလည်း ဖမ်းဆီးခံခဲ့ရကြောင်း တူရကီသတင်းထောက်အသင်းက မှတ်တမ်းတင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG