သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၃ လကြာမည့် အရေးပေါ်အခြေအနေ တူရကီသမ္မတထုတ်ပြန်


တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က မအောင်မြင်ခဲ့တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် သမ္မတ Recep Tayyip Erdogan က သူ့ကို ဆန့်ကျင်သူတွေကို ရှင်းထုတ်နိုင်ရေးအတွက် လမ်းကြောင်းဖွင့်ပေးရာ ရောက်စေမယ့် အရေးပေါ် အခြေအနေကို ထုတ်ပြန်လိုက်ပါတယ်။

အရေးပေါ် အခြေအနေဟာ ၃ လကြာမြင့်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက နိုင်ငံကို ရုပ်မြင်သံကြားက တဆင့်သမ္မတက ပြောကြားလိုက်တာပါ။ ဒါဟာ တူရကီနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကောင်စီ၊ အစိုးရဝန်ကြီးအဖွဲ့တို့နဲ့ စည်းဝေးပွဲတွေ နာရီပေါင်းများစွာ ကျင်းပခဲ့ပြီးတဲ့နောက်မှာ အခုလို အရေးပေါ် အခြေအနေ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

တိုင်းပြည်ကို ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးရေး လမ်းကြောင်းပေါ် အထိရောက်ဆုံး အမြန်ဆုံး ပြန်ရောက်အောင် လုပ်ဆောင်နိုင်ရေးအတွက် အခုလို အရေးပေါ် အခြေအနေ ကြေညာရခြင်းဖြစ်ကြောင်း သမ္မတ Erdogan က ပြောပါတယ်။ အရေးပေါ် အခြေအနေကြေညာထားတဲ့ ကာလအတွင်း စစ်တပ်က တိုင်းပြည်ကို ထိန်းချုပ်ထားမှာ မဟုတ်ဘူးလို့လည်း သမ္မတ Erdogan က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ညကတော့ Istanbul မြို့က Taksim ရင်ပြင်နဲ့ တခြားမြို့တွေက အများပြည်သူ စုဝေးရာ နေရာတွေမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေစုဝေးပြီး သမ္မတကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။ ဒါဟာ သမ္မတ Erdogan က စိုးရိမ်နေတဲ့ ဒုတိယအကြိမ် စစ်အာဏာသိမ်းဖို့ ကြံစည်မှု ဖြစ်ပွားနိုင်မယ့် အရေးကိုလည်း ဟန့်တားနိုင်ရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG