သုံးရလွယ်ကူစေသည့် Link များ

တူရကီ အာဏာသိမ်းမှု နောက်ကြောင်း


တူရကီစစ်တပ်အာဏာသိမ်းမှု။ (ဇူလိုင် ၁၅၊ ၂၀၁၆)
တူရကီစစ်တပ်အာဏာသိမ်းမှု။ (ဇူလိုင် ၁၅၊ ၂၀၁၆)

တူရကီနိုင်ငံမှာ VOA မြန်မာပိုင်းရဲ့ စနေနေ့မနက်ခင်း အသံလွှင့်အစီအစဉ် ထုတ်လွှင့်နေတဲ့အချိန်မှာပဲ အာဏာသိမ်းမှုဖြစ်ပွားနေပါတယ်။ အခုလက်ရှိ သိရသလောက် အခြေအနေကို ဦးကျော်ဇံသာက ပြောပြပေးထားပါတယ်။

အခုအခြေအနေမှာပဲ တံတားပေါ်က လူတချို့ကို စစ်တပ်ဘက်က ပစ်တယ်ဆိုတဲ့ သတင်း တက်လာနေပါပြီ။ ဒါပေမဲ့ အခြေအနေက ရှုပ်ထွေးနေဆဲပါ။ စစ်တပ်က အာဏာသိမ်းလိုက်ပြီလို့ဆိုပေမဲ့ ဝန်ကြီးချုပ်ကတော့ သူတို့အစိုးရက တိုင်းပြည်ကို ထိန်းချုပ်ထားဆဲလို့ ဆိုပါတယ်။ တကယ်လို့သာ စစ်တပ်က အာဏာသိမ်းနိုင် သွားပြီဆိုရင်တော့ ၂၀၀၃ခုနှစ်ကတည်းက အုပ်စိုးလာခဲ့တဲ့ သမ္မတ Tayyip Erdoğan ရဲ့ အစိုးရ အဆုံးသတ်ပြီး အဓိက နိုင်ငံရေး အပြောင်းအလဲ တရပ်ဖြစ်သွားပြီလို့ ဆိုရပါလိမ့်မယ်။ တူရကီနိုင်ငံရဲ့ နိုင်ငံရေးကိုသာမက အရှေ့အလယ်ပိုင်း ရဲ့ နိုင်ငံရေးကိုပါ ပြောင်းလဲလာနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ သောကြာနေ့ညက အထိတော့ သမ္မတဟာ လုံလုံခြုံခြုံ ရှိနေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

သမ္မတ Tayyip Erdoğan က Facetime ကနေပြီးတော့ ပြည်သူလူထုကို အခုလို တိုက်တွန်းပြောကြားခဲ့ပါတယ်။ သူပြောသွားတာက ပြည်သူတွေ ရင်ပြင်ပေါ်ကို ထွက်လာကြပါ။ လမ်းမတွေပေါ် ထွက်လာကြပါ။ သူတို့ကို တနည်းအားဖြင့် ပြောရ ရင် စစ်တပ်ကို သင်္ခန်းစာပေးကြပါစို့လို့ ဆိုပြီးတော့ သူက တိုက်တွန်း ပြောကြားသွားတာဖြစ်ပါတယ်။

စစ်တပ်ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထိန်းသိမ်းမယ်။ နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေးကို ပုံမှန်ထားရှိသွားမယ်လို့ ဆိုနေပါတယ်။ တူရကီနိုင်ငံပိုင် သတင်းဌာနကတော့ စစ်တပ်အကြီးအကဲကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး Ankara မြို့မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ဓားစာခံအားလုံးကိုလည်း စစ်တပ် ဌာနချုပ်မှာပဲ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သမ္မတနဲ့ ဝန်ကြီးချုပ်တို့ကတော့ ဘယ်မှာရှိနေတယ်ဆိုတာ မသိရသေးပါဘူး။

နိုင်ငံတကာ ဆက်ဆံရေးကိုကြည့်မယ်ဆိုရင် တူရကီနိုင်ငံဟာ နေတိုးရဲ့ အဖွဲ့ဝင်နိုင်ငံတခုဖြစ်ပါတယ်။ အိုက်အက်စ်အကြမ်းဖက်သမားတွေကို တိုက်ခိုက်တဲ့နေရာမှာ အမေရိကန်အတွက် အရေးကြီးတဲ့ မဟာမိတ်နိုင်ငံ တခုလည်း ဖြစ်ပါတယ်။ အခုတော့ အမေရိကန်စစ်ဖက်နဲ့ သံတမန်တွေ ကိုယ်တိုင်က တူရကီနိုင်ငံရဲ့ အခြေအနေမှန်ကို သိရှိနိုင်ဖို့ စုံစမ်းကြိုးစားနေကြပါတယ်။

မော်စကိုမှာ ရောက်ရှိနေတဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ တူရကီနိုင်ငံဟာ ဒီအကျပ်အတည်းကို ငြိမ်းချမ်းတည်ငြိမ်စွာ ဖြေရှင်းနိုင်မယ် လို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။ သမိုင်းကြောင်းကိုပြန်ကြည့်မယ် ဆိုရင် တူရကီစစ်တပ်ဟာ နိုင်ငံရေးနဲ့ မကင်းကွာခဲ့ပါဘူး။ အနီးဆုံးဆိုရင် ၁၉၆၀ မှာ တကြိမ် အာဏာသိမ်းခဲ့ပါတယ်။ ၁၉၈၀မှာလည်း စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ တကယ်တော့ တူရကီနိုင်ငံဟာလည်းပဲ အစ္စလာမ်ဝါဒီတွေ တနည်းအားဖြင့် ဘာသာရေးကို ဦးစားပေးချင်တဲ့သူတွေက တဘက်၊ နိုင်ငံရေးနဲ့ ဘာသာရေးကို သီးခြားဖြစ်စေချင်တဲ့သူတွေက တဘက်ဆိုပြီး နှစ်ပိုင်းကွဲနေတဲ့ လူ့အဖွဲ့အစည်းတခုလို့ ဆိုရပါလိမ့်မယ်။

သမ္မတ Tayyip Erdoğanက အစ္စလာမ်ဝါဒီတွေ သို့တည်းမဟုတ် ဘာသာရေးကိုဦးစားပေးသူတွေဘက်ကို ယိမ်းတယ်လို့လည်း သုံးသပ်မှုတွေရှိနေကြပါတယ်။ သမိုင်းကြောင်းအရ တူရကီနိုင်ငံဟာ ပထမကမ္ဘာစစ် ပြီးစီးတဲ့အချိန်အထိ ကမ္ဘာ့မူဆလင်နိုင်ငံအားလုံးရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ တူရကီနိုင်ငံရဲ့ အကြီးအကဲ ဆူတန်ဟာ Caliphate လို့ခေါ်တဲ့ အစ္စလာမ်နိုင်ငံတော် ရဲ့ အကြီးဆုံး caliph ရာထူးကို ယူထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပထမကမ္ဘာစစ်အပြီးမှာ အာဏာရလာတဲ့ Kemal Ataturk က ဘာသာရေးနဲ့ နိုင်ငံရေးကို သီးခြားကင်းလွတ်အောင် လုပ်ခဲ့ပါတယ်။ Caliphate ရာထူးကိုလည်း သူရုပ်သိမ်းခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကစပြီးတော့ တူရကီနိုင်ငံမှာ ဘာသာရေးနဲ့ နိုင်ငံရေး ကင်းလွတ်အောင် ဒီမိုကရေစီဆန်အောင် ကြိုးစားလာခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း အခုအချိန်အထိ ဘာသာရေးဘက်ကို အားသန်သူတချို့နဲ့ အဲ့ဒီ့လို ဘာသာရေး နိုင်ငံရေး သီးခြားကင်းလွတ်စေချင်သူတွေရဲ့ အားပြိုင်မှုကတော့ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

တူရကီ အာဏာသိမ်းမှု နောက်ကြောင်း
please wait

No media source currently available

0:00 0:03:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG