ဆီးရီးယားနိုင်ငံမြောက်ပိုင်းက သမိုင်းဝင်ဂူဗိမာန်တခုကို စောင့်ရှောက်ဖို့ချထားတဲ့ တူရကီတပ်တွေကို ကယ်ဆယ်ဖို့နဲ့ အဲဒီဂူဗိမာန်ကို နေရာရွှေ့ပြောင်းဖို့ တူရကီ စစ်တပ်ရဲ့ဆောင်ရွက်မှုဟာ ပြောင်ပြောင်တင်းတင်း ကျူးလွန်မှုဖြစ်တယ်လို့ ဆီးရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။
Ottoman အင်ပါယာကြီးကို တည်ထောင်ခဲ့သူရဲ့အဖိုး Suleyman Shah ရဲ့ဂူဗိမာန် တည်ရှိရာနေရာနားအထိ မကြာခင်လတွေတုန်းက IS စစ်သွေးကြွတွေရောက်လာခဲ့ပြီးနောက် အဲဒီ ဂူဗိမ္မာန်ကိုစောင့်ရှောက်ဖို့ တူရကီက စစ်သားတွေကို စေလွှတ်ချထားခဲ့ပါတယ်။
စနေနေ့ညပိုင်းကတော့ အဲဒီတူရကီစစ်သား ၄၀ နီးပါးကိုကယ်ဆယ်ဖို့ တူရကီအစိုးရက တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့အတူ စစ်သားရာနဲ့ချီကို
ဆီးရီးယားနိုင်ငံထဲကို စေလွှတ်ခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်ဟာ အဲဒီဒေသမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ တူရကီအစိုးရ အနီးကပ်ဆက်သွယ်မှုရှိတယ် ဆိုတာကို သက်သေပြလိုက်တာပဲလို့ ဆီးရီးယားနိုင်ငံခြားရေးဌာန တာဝန်ရှိသူတယောက်ရဲ့အပြောကို ဆီးရီးယားအစိုးရပိုင် SANA သတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။
IS စစ်သွေးကြွတွေဟာ ဆီးရီးယားနိုင်ငံထဲက ဗလီတွေ၊ ဘုရားရှိခိုးကျောင်းတွေနဲ့ ဂူဗိမ္မာန်တွေကို တိုက်ခိုက်နေတဲ့ကြားမှာ ဒီဂူဗိမာန် မပျက်မစီးဘဲ
ရှိနေတာက သက်သေဖြစ်တယ်လို့ ဆိုခဲ့တာပါ၊ Suleyman Shah ရဲ့ဂူဗိမာန်ဟာ တူရကီ ဆီးရီးယားနယ်စပ်ကနေ ဆီးရီးယားနိုင်ငံထဲ ၂၁ မိုင်လောက် အကွာ Aleppo ပြည်နယ်ထဲမှာ တည်ရှိပါတယ်။ ၁၉၂၁ ခုနှစ်သဘောတူညီချက်အရ ဂူဗိမာန်ရှိရာကို တူရကီပိုင်နက်အဖြစ် သတ်မှတ်ထားပါတယ်။
ဆီးရီးယားကို ခွင့်မတောင်းဘဲ ခုလို အစောင့်စစ်သားတွေကို ဝင်ရောက်ကယ်ဆယ်တာဟာ သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ပြီး ဒီကျူးကျော်မှုရဲ့ ရိုက်ခတ်မှုတွေကို တူရကီက တာဝန်ခံရမယ်လို့ ဆီးရီးယားအစိုးရက သတိပေးခဲ့ပါတယ်။ စစ်သားတွေဝင်ကယ်မယ့်စစ်ဆင်ရေးကို ဆီးရီးယားအစိုးရ အပါအဝင် အဲဒီဒေသမှာရှိနေတဲ့ တပ်ဖဲွဲ့တွေအားလုံးကို အသိပေးခဲ့ပေမယ့် ခွင့်ပြုချက်မယူခဲ့ဘူးလို့ တူရကီဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ကယ်ဆယ်မှုအတွင်း စစ်သားတယောက်သေဆုံးခဲ့ပေမယ့် အောင်မြင်တယ်လို့ တူရကီတာဝန်ရှိသူတွေက ပြောပါတယ်ရှင်။