သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီဆန္ဒပြသူတွေကို ဝန်ကြီးချုပ်မောင်းထုတ်


တူရကီမြို့လယ်မှာ အစိုးရဆန့်ကျင်ဆန္ဒပြနေသူများ။ (ဇွန်လ ၁၆ ရက်၊ ၂၀၁၃)။
တူရကီမြို့လယ်မှာ အစိုးရဆန့်ကျင်ဆန္ဒပြနေသူများ။ (ဇွန်လ ၁၆ ရက်၊ ၂၀၁၃)။
တူရကီနိုင်ငံ အီစတန်ဘူလ်မြို့လယ် ပန်းခြံအတွင်း ဆန္ဒပြနေသူတွေ ကို မောင်းထုတ်ဖို့ဟာ သူ့တာဝန်ဖြစ်တယ်လို့ ဝန်ကြီးချုပ် ရီကျစ်ပ်တေရစ်အာဒိုဝမ် (Recep Tayyip Erdogan) က ထောင်ပေါင်းများစွာသော ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။

သီတင်း ၂ ပတ်ကြာခဲ့တဲ့ လမ်းမတွေပေါ်က ချီတက် ဆန္ဒြုပပွဲတွေကို အကြမ်းဖက်သမားတွေက ကြိုးကိုင် ချယ်လှယ်ခဲ့တာဖြစ်တယ်လို့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ လူထု ချီတက်ပွဲအတွင်း ဝန်ကြီးချုပ် အာဒိုဝမ်က ပြောပါတယ်။ သူ့အနေနဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတယ်လို့ အတိုက်အခံတွေက စွပ်စွဲ ပြောဆိုနေတာကို ဝန်ကြီးချုပ်က ပယ်ချလိုက်ပြီး ဆန္ဒပြပွဲတွေအကြောင်း သတင်းပို့ကြတဲ့ နိုင်ငံခြား သတင်းမီဒီယာတွေကို လည်း ဝေဖန်လိုက်ပါတယ်။

ဝန်ကြီးချုပ် အာဒိုဝမ်အစိုးရကို အဓိက ဆန့်ကျင် ဆန္ဒပြသူတွေရဲ့ စုရပ်ဖြစ်တဲ့ အစ္စတန်ဘူလ်မြို့လယ်က Taksim ပန်းခြံထဲကသူတွေကို ရဲတပ်ဖွဲ့က မောင်းထုတ်လိုက်ပြီးတဲ့နောက် ဝန်ကြီးချုပ် စကားပြောနေတဲ့အချိန်မှာပဲ လူပြန်စုကြဖို့ ပြင်ဆင်နေသူတွေကို လုံထိန်းတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။

ဆန္ဒပြသူတွေအပေါ် သည်းခံနိုင်စွမ်း ကုန်သွားပြီလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ပန်းခြံထဲမှာ ရှိနေကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေသုံးပြီး စနေနေ့က လူစုခွဲခဲ့ပါတယ်။ အစ္စတန်ဘူလ်မြို့လယ်က ပြည်သူပိုင် ပန်းခြံနေရာမှာ လုပ်ငန်း အတော်များများ လုပ်ကိုင်နိုင်တဲ့ အဆောက်အဦး ဆောက်မယ့်ကိစ္စအပေါ် ကန့်ကွက် ဆန္ဒပြကြရာက တဖြည်းဖြည်းနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲအဖြစ် ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG