တူရကီနိုင်ငံ အရှေ့တောင်ပိုင်း အီရန်နိုင်ငံ နယ်စပ်အနီးမှာ အင်အားပြင်းတဲ့ငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။ အသေအပျောက် ပျက်ဆီးမှုတွေ ရှိတယ်ဆိုတယ် ဆိုပေမဲ့ တိကျခိုင်မာတဲ့ သတင်းတော့ ထွက်မလာသေးပါဘူး။
တူရကီနိုင်ငံ ဗန် (Van) ခရိုင်အတွင်း မြေအောက် ၁၂ မိုင်ကျော်အနက်မှာ ပြင်းအား ၇ ဒဿမ ၂ ရှိတဲ့ ငလျင် တနင်္ဂနွေနေ့က လှုပ်သွားတဲ့အကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက ပြောပါတယ်။
ငလျင်ကြောင့် အဆောက်အဦး ၂၅ ခုကနေ ၃၀ လောက် ပြိုကျခဲ့ပြီး ငလျင်လှုပ်တဲ့ ဗန်မြို့အနီးက အာစစ် (Ercis) မြို့မှာ အဆောက်အဦးတစ်ခုနဲ့ ဗန်မြို့မှာတော့ ၁၀ ခုလောက် ပြိုကျခဲ့တယ်လို့ တူရကီ ဒုတိယ၀န်ကြီးချုပ် ဘက်ဆာ အက်တလေ (Besir Atalay) က ပြောပါတယ်။
ဗန်မြို့ပေါ်က အဆောက်အဦးတွေ ပြိုကျ ပျက်ဆီးသွားတဲ့အကြောင်းနဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း အကြိမ်ကြိမ် လှုပ်ခဲ့တာကို တွေ့ရတယ်လို့ အစိုးရပိုင် Anatolian သတင်းဌာနက ပြောပါတယ်။ အနည်းဆုံး လူ ၅၀ လောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။