သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ အခြေခံဥပဒေ ပြင်ဆင်ဖို့ မဲပေးသူအများစု ထောက်ခံ


တူရကီနိုင်ငံမှာ စစ်အစိုးရ လက်ထက်က ရေးဆွဲခဲ့ပြီး အနှစ် ၃၀ ကြာ ပြဋ္ဌာန်း အုပ်ချုပ်လာခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တချို့ ပြင်ဆင်ရေးကို မဲဆန္ဒရှင် ၅၈% က ထောက်ခံတယ်လို့ တူရကီ ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအတွက် တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲအပြီး နာရီပိုင်း အကြာမှာပဲ ဝန်ကြီးချုပ် ရီဆက်ပ် တေယစ်ပ် အာဒိုဝန် (Recep Tayyip Erdogan) က အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

မဲဆန္ဒရှင် ၇၇% ကနေ ၇၈% ကြား လာရောက် မဲပေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဥရောပ စံချိန်အတိုင်း တူရကီနိုင်ငံ ဖြစ်ဖို့အတွက်လို့ တူရကီ အစိုးရ ပြောနေတဲ့ ဖွဲ့စည်းပုံပါ အချက် ၂၆ ချက်ကို ပြင်ဆင်ရေး မဲဆန္ဒရှင်တွေက လက်ခံ၊ မခံကို မနေ့က ဆန္ဒခံယူခဲ့တာ ဖြစ်ပါတယ်။ မဲပေးဖို့အတွက် ဆန္ဒရှင် ၄၉ သန်း မှတ်ပုံတင်ခဲ့ကြပါတယ်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေး ကြိုးပမ်းနေတဲ့ တူရကီနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးပါတဲ့ ကိစ္စတခုလို့ မြင်နိုင်ပါတယ်။

တနင်္ဂနွေနေ့က ဆန္ဒခံယူပွဲအတွင်း မြို့တော်တော်များများမှာ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။ မဲပေးသူတွေကို အနှောင့်အယှက်ပေးမှု၊ ဆန္ဒမဲအပေါ် လွှမ်းမိုးအောင် လုပ်မှုတွေနဲ့ နိုင်ငံတဝန်း မသင်္ကာသူ ၁၃၈ ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဆန္ဒခံယူပွဲမှာ မဲလာထည့်သူ အရေအတွက်ကို ကြည့်ခြင်းအားဖြင့် တူရကီနိုင်ငံရဲ့ ဒီမိုကရေစီစနစ် ခိုင်မာမှုကို ပြသနေတာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က တူရကီ ဝန်ကြီးချုပ် အာဒိုဝန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG