သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီအာဏာသိမ်းရန် ကြံစည်မှု စုံစမ်းရာမှာ အမေရိကန်ကူညီလို


တူရကီနိုင်ငံမှာ မအောင်မြင်ခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ကူညီဖို့ အမေရိကန်သမ္မတ Barack Obama က တူရကီသမ္မတ Recep Tayyip Erdogan ကို ကမ်းလှမ်းခဲ့ပါတယ်။

Ankara မြို့တော်မှာ အာဏာသိမ်းဖို့ ကြိုးစားမှုဖြစ်ခဲ့ပြီး ၄ ရက်အကြာ အင်္ဂါနေ့က သမ္မတအိုဘားမားက သမ္မတ Erdogan ဆီကို ဖုန်းနဲ့ဆက်သွယ်ပြီး စုံစမ်းမှုတွေအတွက် အမေရိကန်က သင့်တော်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးသွားမယ်လို့ ပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အာဏာသိမ်းမှုမှာပါတ်သက်နေတယ်လို့ တူရကီဘက်ကဆိုနေတဲ့ မူဆလင် ဘာသာရေးခေါင်းဆောင် Fethullah Gulen ကိုတရားစွဲနိုင်ဖို့ အမေရိကန်ကနေ တူရကီကို လွဲှပေးဖို့ တောင်းဆိုထားတဲ့ကိစ္စကိုလဲ သမ္မတ ၂ ယောက် ဆွေးနွေးခဲ့ကြပါတယ်။ Mr. Gulen ကို တူရကီလက် လွှဲပြောင်းပေးမှာလားဆိုတဲ့ကိစ္စကို အိမ်ဖြူတော်ပြောခွင့်ရသူက အသေးစိတ် မပြောပေမဲ့ တူရကီအစိုးရနဲ့ အမေရိကန်အစိုးရကြား ဟိုးအရင်ထဲက သဘောတူထားတဲ့ သဘောတူညီချက်တွေအတိုင်း ဆုံးဖြတ်ချက်ချသွားမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

အာဏာသိမ်းဖို့ ကြိုးစားမှုကို သမ္မတအိုဘားမားက အပြင်းအထန် ရှုတ်ချခဲ့သလို နောက်ဆက်တွဲ အရေးယူမှုတွေကို ဒီမိုကရေစီ အဆောက်အအုံတွေနဲ့ တရားဥပဒေစိုးမိုးမှုအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု မပျက်အောင် လုပ်ဖို့အတွက်လည်း တူရကီသမ္မတကို တိုက်တွန်းခဲ့တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှုနဲ့ဆက်နွယ်ပြီး တူရကီမှာ ဖမ်းဆီးအရေးယူမှုတွေကို အင်္ဂါနေ့မှာလည်း ဆက်ပြီးလုပ်ခဲ့ပါတယ်။ လက်ရှိအမေရိကန်နိုင်ငံ Pennsylvania ပြည်နယ်မှာ နေထိုင်နေတဲ့ Mr. Gulen နဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေ အထောက်အထားတွေကိုလည်း အမေရိကန်အစိုးရဆီကို ပေးပို့ခဲ့ပါတယ်။

နိုင်ငံတဝန်း ဆရာ၊ ဆရာမပေါင်း ၁၅၂၀၀ ကို အလုပ်ကဖြုတ်ခဲ့သလို၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ထမ်း ၉၀၀၀ နီးပါးနဲ့ ဘဏ္ဍာရေးဌာနက ၁၅၀၀ အပြင် တခြားဝန်ကြီးဌာနတွေကလည်း ဝန်ထမ်း ရာဂဏန်းကို ဖြုတ်ပြစ်ခဲ့တယ်လို့ တူရကီသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

အာဏာသိမ်းမှု နောက်ဆက်တွဲ အမြောက်အများဖမ်းဆီးမှုတွေလုပ်နေတာနဲ့ပတ်သက်လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al-Hussein က စိုးရိမ်ကြောင်း ပြောကြား ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG