သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဒ်သူပုန်တွေကို တူရကီလက်နက် ထောက်မည်မဟုတ်


တူရကီသမ္မတ Tecep TAyyip Erdogan
တူရကီသမ္မတ Tecep TAyyip Erdogan

တူရကီနဲ့ကပ်နေတဲ့ ဆီရီးယားနိုင်ငံထဲက Kobani မြို့ကို ကာကွယ်ခုခံတိုက်နေကြတဲ့ Kurd တိုက်ခိုက်ရေးသမားတွေကို တူရကီက လက်နက်တပ်ဆင် ပေးမှာမဟုတ်သလို လက်နက်ပေးဖို့လည်း သဘောမတူနိုင်ဘူးလို့ တူရကီအစိုးရက ပြောလိုက်ပါတယ်။

Kurd တပ်တွေဟာ တူရကီမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ အနှစ် ၃၀ ပုန်ကန်တိုက်နေကြတဲ့ Kurdistan Workers Party နဲ့ အတူတူပဲလို့ တူရကီသမ္မတ Recep Tayyip Erdogan က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ တူရကီနိုင်ငံရော အမေရိကန်ပြည်ထောင်စုကပါ Kurdistan Workers Party ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

နေတိုးမဟာမိတ် အမေရိကန်အနေနဲ့လည်း Kurd တပ်တွေကို တူရကီအစိုးရက လက်နက်အကူအညီပေးပါမယ်လို့ လူသိရှင်ကြားပြောဖို့ မျှော်လင့်နေမယ် ဆိုရင်တော့ သိပ်ကိုမှားတာပဲလို့ သမ္မတ Erdogan ကပြောပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စလို့လည်း သူက ဖော်ပြပြောခဲ့ပါတယ်။ Kobani မြို့မှာ Islamic State စစ်သွေးကြွတွေကို တိုက်နေတဲ့ Kurd တပ်ဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ဆီးရီးယားနိုင်ငံရေးပါတီ Kurdish Democratic Union Party နဲ့ အမေရိကန်က ပထမဆုံး တိုက်ရိုက် ဆွေးနွေးခဲ့ပြီး တရက်အကြာမှာ တူရကီက ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ခုလို တကြိမ်တည်း တွေ့ဆုံမှုနဲ့တော့ Islamic State စစ်သွေးကြွတွေကို တိုက်ဖို့ ပူးပေါင်းဆောင်ရွက်တယ်လို့ ပြောလို့မရဘူးဆိုတာကို အမေရိကန် နိုင်ငံနိုင်ငံခြားရေးဌာနပြောခွင့်ရသူက အလေးအနက်ပြောခဲ့ပါတယ်။ စနေနေ့ ညပိုင်းတုန်းက အမေရိကန် သမ္မတ Barack Obama နဲ့ တူရကီသမ္မတ Erdogan တို့ တယ်လီဖုန်းပေါ်ကနေ စစ်သွေးကြွတွေ သိမ်းဖို့ကြိုးစားနေတဲ့ Kobani မြို့အကြောင်းနဲ့ IS စစ်သွေးကြွတွေကို နှိမ်နှင်းနိုင်ဖို့ ဘာတွေလုပ်နိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

Kobani ကနေပြေးလာကြတဲ့ ဒုက္ခသည်အပါအဝင် ဆီးရီးယားက ဒုက္ခသည် ၁ သန်းကျော်ကို တူရကီနိုင်ငံက လက်ခံထားတဲ့အပေါ် အမေရိကန်က ကျေးဇူးတင်ကြောင်း သမ္မတအိုဘားမားက ပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ Kobani မြို့မှာတော့ တိုင်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

XS
SM
MD
LG