သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင်များရဲ့လူ့အခွင့်အရေးချိုးဖောက်မှု တူရကီ စုံစမ်း


Senior General Min Aung Hlaing ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
Senior General Min Aung Hlaing ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ICJ နဲ့ ICC လိုနိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုချက်တွေကို ရင်ဆိုင်နေရတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားအပြင် တူရကီလို နိုင်ငံတနိုင်ငံချင်းစီကလည်း တရားစွဲဆိုမှုတွေကို လက်ခံစုံစမ်းစစ်ဆေးနေပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဟာ နိုင်ငံတကာရာဇဝတ်ကျူးလွန်မှုဖြစ်တယ်ဆိုတဲ့ အမှုစွဲချက်ကိုလက်ခံလိုက်တဲ့ တူရကီတရားရေးဝန်ကြီးဌာနက ဘယ်လို ကိုင်တွယ် စုံစမ်းစစ်ဆေးနေသလဲ။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ICJ နိုင်ငံတကာတရားရုံးနဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်အပါအဝင် စစ်ရာဇဝတ်ကျူးလွန်မှု၊ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု စတဲ့ စွဲချက်တွေရင်ဆိုင်နေရတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်ကို တူရကီတရားရေးဝန်ကြီးဌာနက လက်ခံပြီး စတင်စုံစမ်းစစ်ဆေးနေတာပါ။
နိုင်ငံတနိုင်ငံရဲ့ အာဏာပိုင်တွေကို လူ့အခွင့်အရေးချိုးဖောက်မှုစွဲချက်နဲ့ နိုင်ငံတကာရာဇဝတ်မှုအဖြစ် လူ့အခွင့်အရေးအဖွဲ့တဖွဲ့က အခြားနိုင်ငံမှာ အမှုတင်သွင်းတဲ့အပေါ် အဲဒီနိုင်ငံက တရားရေးစနစ်နဲ့ စုံစမ်းစစ်ဆေးမယ့် ကိစ္စဟာ အလွန်ထူးခြားကြောင်း တူရကီနိင်ငံမှာ အမှုဖွင့်ထားတဲ့ ဗြိတိန်အခြေစိုက် Myanmar Accountability Project, MAP လူ့အခွင့်အရေးအဖွဲ ညွန်ကြားရေးမှူး Christopher Gunness ကဗွီအိုအေကိုပြောပါတယ်။

Christopher Gunness ။ ။ တူရကီ တရားရေးဝန်ကြီးဌာနက လက်ခံလိုက်ပြီး ကျနော်တို့ တင်ထားတဲ့ အမှုကို စတင်စုံစမ်းနေပါပြီ။ ဒါကတော့ တကယ့်ကို မကြုံစဖူးတဲ့ကိစ္စပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းမှုကို ဦးဆောင်သူတွေထဲမှာပါဝင်သူတွေနဲ့ အထက်အမိန့်အတိုင်း အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သူ စုစုပေါင်း အယောက် ၂၀ အပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေကိုကျူးလွန်တဲ့ စွဲချက်နဲ့ပတ်သက်လို့ တူရကီအာဏာပိုင်တွေက စတင်စုံစမ်းစစ်ဆေးနေပါတယ်။ ဒါဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုမှာ ကျူးလွန်တယ်ဆိုတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေကို စုံစမ်းစစ်ဆေးမှာဖြစ်တဲ့အတွက် ထိရောက်မှုတွေရှိလိမ့်မယ်ဆိုတဲ့ သတင်းစကားပါချင်ပါတယ်။

အင်ကြင်းနိုင်။ ။ ကျမရှင်းအောင်မေးချင်တာက တူရကီ တရားရုံးဘက်ကရော ဒီအမှုကို လက်ခံထားပြီးပြီလား။ ဒါမှမဟုတ် လက်မခံရသေးဘူးလား။

Christopher Gunness။ ။ တူရကီ တရားရေး ဝန်ကြီးဌာနအနေနဲ့ ဒါကိုကိုင်တွယ်ရမယ့်အမှု အဖြစ်လက်ခံပြီး စုံစမ်းစစ်ဆေးနေတာပါ။ အဲတော့ နောက်တဆင့် ဘာဖြစ်မလဲဆိုတဲ့အပိုင်းမှာတော့ အမှုကို တကယ့်တရားရုံးတင်စစ်ဆေးဖို့ ရှေ့ဆက် လုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့ အရမ်းမျှော်လင့်ထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့အနေနဲ့ ဒီအမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အမှန်တကယ် အခွင့်အာဏာရှိနေပါတယ်။ ဥပမာအားဖြင့် ကျနော်တို့ တိုင်ကြားချက်မှာ ဖေါ်ပြထားသူ မည်သူမဆို ဖမ်းဆီးဖို့ တူရကီအာဏာပိုင်တွေကို တောင်းဆိုထားပြီးဖြစ်ပါတယ်။ ဘယ်သူတွေလည်းဆိုတာ ကျနော်ပြောလို့မရပါဘူး။ ဒါပေမယ့် တူရကီအာဏာပိုင်တွေက ဘယ်သူတွေလဲဆိုတာ သိပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာတာဝန်ရှိသူတွေကို ဖမ်းဆီးဖို့ MAP အနေနဲ့ ရှင်းရှင်းလင်းလင်းတောင်းဆိုထားတဲ့ အမှုကို တူရကီအစိုးရရှေ့နေရုံးက လက်ခံပြီး အခု တရားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေတာဟာ အလွန်ကောင်းမွန်တဲ့ တိုးတက်မှုတခုပါ။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် တူရကီအာဏာပိုင်တွေက မြန်မာစစ်ခေါင်းဆောင်တွေကို ဘယ်လို စုံစမ်းစစ်ဆေးမှာလဲ။

Christopher။ ။ ဒါကို လုပ်ဖို့ နည်းလမ်းပေါင်းများစွာရှိပါတယ်။ ဘာတွေဖြစ်ပျက်နေသလဲဆိုတာနဲ့ ပတ်သက်လို့ တူရကီနိုင်ငံမှာ ထောက်လှမ်းရေးကြီးကြီးမားမားရှိပါတယ်။ နောက် တူရကီအာဏာပိုင်တွေဘက်ကလည်း စိတ်ဝင်တစားရှိနေပါတယ်။ ဥပမာဆိုရင် ၂၀၁၇ခုနှစ်မှာ ရိုဟင်ဂျာတွေ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတဲ့ ကိစ္စမှာ မြန်မာနိုင်ငံ အပြင်ဘက်မှာ သတင်းအချက်အလက်အရင်းအမြစ်တွေအများကြီးရှိနေပါတယ်။ ကုလသမဂ္ဂအစီရင်ခံစာတွေမှာလည်း ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားတွေရှိပါတယ်။ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့မှာဆိုရင် တပ်မှူးတဦးချင်းစီအလိုက် အထောက်အထားတွေကို အသေးစိတ်စုဆောင်းထားတဲ့ အချက်အလက်တွေအများရှိနေပါတယ်။ နောက် IIMM ကို အချက်အလက်တွေ လွဲှဲပြောင်းပေးထားတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ကလည်း တိကျတဲ့ အထောက်အထားအချက်အလက်တွေကို ပြုစုထားပြီးသာဖြစ်ပါတယ်။ ဒါကြောင့် တူရကီအာဏာပိုင်တွေအနေနဲ့ ဒါတွေကို အခြေခံပြီး ဆက်လက်လုပ်ဆောင်သွားနိုင်ပါတယ်။ ဒီအချက်အလက် အများစုဟာလည်း အပြစ်ကျူးလွန်ကြောင်း သက်သေပြနေတာဖြစ်ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးကတည်းက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို အသေအချာ မှတ်တမ်းတင်ပြုစုထားတဲ့နေရာမှာ ဆိုရှယ်မီဒီယာတွေတင်မဟုတ်ပါဘူး၊ ကုလသမဂ္ဂက လက်လှမ်းမှီတဲ့ သတင်းအရင်းအမြစ်တွေကပါ အတည်ပြုထားတာတွေဖြစ်တယ်လို့ Christopher Gunness ကပြောပါတယ်။ ဒါဆိုရင် MAPက တရားစွဲထားတဲ့ အဓိက အချက်တွေက ဘာတွေပါလဲ။

Christopher Gunness။ ။ ကျနော်တို့ရဲ့ တိုင်ကြားချက်မှာ အဓိကအချက်ကတော့ ညှင်းပန်းနှိပ်စက်မှုဖြစ်ပါတယ်။ ဒီလို ညှဉ်းပန်းနှိပ်စက်ချက်တွေနဲ့ ပတ်သက်လို့ ကောင်းကောင်းပြုစုထားတဲ့ သီးသန့် သက်သေအထောက်အထားတွေကို တူရကီအာဏာပိုင်တွေဆီကို ကျနော်တို့ ပေးအပ်ခဲ့ပြီးပါပြီ။ ဒီလိုညှဉ်းပန်းနှိပ်စက်မှုတွေကို အသုံးပြုတဲ့နေရာမှာ လူပုဂ္ဂိုလ် တဦးချင်းစီမဟုတ်ပဲ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျဆောင်ရွက်တဲ့အကြောင်း သက်သေအထောက်အထားတွေကို ပေးအပ်ထားတာပါ။ ဘာကြောင့်လည်းဆိုရင် ဒီအထောက်အထားတွေဟာ နိုင်ငံတကာရာဇဝတ်မှုအဆင့်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကျနော်ပြောခဲ့သလိုပါပဲ။ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်တာဟာ နိုင်ငံတကာ ရာဇဝတ်မှုအဆင့် သတ်မှတ်ချက်ကို ရောက်ရှိသွားတဲ့အတွက် တူရကီအာဏာပိုင်တွေကလည်း ဒီကိစ္စအပေါ်မှာ အလွန်ကို စိတ်ဝင်စားနေပါတယ်။ နောက်ပြီး နိုင်ငံတကာအနေနဲ့လည်း စုံစမ်းစစ်ဆေးလို့ရပါတယ်။


အင်ကြင်းနိုင်။ ။ ဒါပေမယ့် တူရကီနိုင်ငံကိုယ်တိုင်က လူ့အခွင့်အရေးနဲ့ပတ်သက်ရင် နိုင်ငံတကာမှာ နာမည်ကောင်းရနေတဲ့ မှတ်တမ်းဆိုတာလည်း မရှိတော့ Christopher Gunness တို့က ဘာကြောင့် ဒီနိုင်ငံကို ရွေးရပါသလဲ။ နောက်ပြီး မြန်မာဘက်ကမပါပဲ ဒီလိုအမှုကို တူရကီက ဘယ်လိုအရေးယူဆောင်ရွက်လို့ရမလဲ။

Christopher Gunness။ ။ ပထမဆုံးပြောချင်တာကတော့ တူရကီနိုင်ငံအနေနဲ့ Universal Jurisdiction နိုင်ငံတကာဥပဒေချိုးဖောက်မှုမှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ဥပဒေနဲ့ ပတ်သက်ရင် နာမည်ကောင်းရထားပါတယ်။ အခု အမှုကိစ္စမှာဆိုရင် တရားခံဖြစ်ဖြစ်၊ ပြစ်မှုကျူးလွန်ခံရသူဖြစ်ဖြစ် တူရကီနိုင်ငံမှာ မဟုတ်ပေမဲ့ တူရကီဟာ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ်နဲ့ အခြား ကုလသမဂ္ဂသဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးထားတဲ့အတွက်ကြောင့် သူ့မှာ နိုင်ငံတကာဥပဒေအရ တာဝန်တွေရှိနေပါတယ်။ ဒုတိယအနေနဲ့ကတော့ တူရကီမှာ နိုင်ငံရေးအကျိူးစီးပွားအရလည်း ကြီးကြီးမားမားရှိနေတာပါ။ တူရကီဟာ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကို ဦးဆောင်နေတဲ့ အထဲမှာ ပါပါတယ်။ ၂၀၁၇ခုနှစ်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုလို့ စွပ်စွဲခံထားရတဲ့ ဖိနှိပ်မှုတွေ ဖြစ်ပွားခဲ့ချိန်က တူရကီသမ္မတကတော် Emine Erdoğan ဟာ ဘင်္ဂလားဒေ့ရှ် Cox's Bazar ကိုအစောပိုင်းကတည်းကသွားရောက်ပြီး ရိုဟင်ဂျာတွေကို တွေ့ဆုံအားပေးခဲ့တာမှတ်မိကြမှာပါ။ ရိုဟင်ဂျာတွေအပေါ် အစ္စလာမ်နိုင်ငံတွေရဲ့ စာနာမှု၊ စည်းလုံးညီညွတ်စွာရပ်တည်မှုကိုလည်း သူက ပြသခဲ့ပါတယ်။ ဒါကြောင့် Universal Jurisdiction နဲ့ ပတ်သက်ရင် တူရကီက ကောင်းမွန်ပြီးတော့ ကျနော်တို့ စွဲတင်ထားတဲ့ မြန်မာနိုင်ငံ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ပတ်သက်လို့ အမှုအပေါ်မှာ တူရကီဘက်က နိုင်ငံရေးအရ စာနာစိတ် ကြီးကြီးမားမားရှိနေပါတယ်။

အခုလို မြန်မာစစ်အာဏာသိမ်းမှုမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ တဖက်သတ် စွပ်စွဲချက်တွေသာဖြစ်ပြီး နိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့ အညီဆောင်ရွက်ခဲ့တာသာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။


အခုလို တူရကီတရားရေးဝန်ကြီးဌာနရဲ့ ကိုင်တွယ်ဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ကျူးလွန်မှုတွေကို အခြား နိုင်ငံအာဏာပိုင်တခုက ပထမဆုံး စုံစမ်းစစ်နေတဲ့အမှုဖြစ်တယ်လို့ ဇွန်လ အစောပိုင်းက ထုတ်ပြန်တဲံ MAPရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ တူရကီအစိုးရဖက်ကတော့ ဒါနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ကြေညာတာမျိုး မတွေ့ရသေးပါဘူး။

 မြန်မာစစ်ခေါင်းဆောင်များရဲ့လူ့အခွင့်အရေးချိုးဖောက်မှု တူရကီ စုံစမ်း
please wait

No media source currently available

0:00 0:09:02 0:00

===============


















XS
SM
MD
LG