သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီနိုင်ငံခြားရေး ဝန်ကြီး ရခိုင်ရောက်


တူရကီနိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu
တူရကီနိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu
မြန်မာနိုင်ငံကို တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ဟာ ဒီကနေ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး အသုံးအဆောင် ပစ္စည်းတွေနဲ့ အစားအသောက်တွေ လှူဒါန်းခဲ့ပါတယ်။ တူရကီနိုင်ငံခြားရေး ဝန်ကြီးဟာ လေယာဉ် သုံးစင်းနဲ့ အဖွဲ့ဝင် ၁၀၀ ကျော်ကိုလည်း ဒီကနေ့ ရခိုင်ပြည်သွားတဲ့ ခရီးစဉ်ကို ခေါ်ဆောင်သွားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက် အစောပိုင်းမှာပဲ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိလာကြတဲ့အကြောင်း ပြည်နယ် သတင်းထုတ်ပြန်ရေးကော်မီတီ မန်နေဂျာ ဦးမျိုးသန့်က ဗွီအိုအေကို ပြောပါတယ်။

“မနက်က ဆယ်နာရီကျော်လောက် ရောက်ပါတယ်။ ဘောဒူဘစခန်းနဲ့ ဆုတောင်းပြည့်စခန်းကို သွားကြည့်ပါတယ်။ ပစ္စည်းကတော့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အစားအသောက်တွေ ပါပါတယ်။ ဒုက္ခသည်အားလုံးကို လှူတာပါ။ အစားအသောက်တွေမှာတော့ ဆန်ရယ်၊ ပဲရယ်၊ ဆီရယ်၊ သကြားရယ်၊ ဆားရယ် ပါပါတယ်။ သူမရောက်ခင် လေယာဉ်နဲ့ တရက်ကြိုပို့လိုက်တာပါ။”

တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး လိုက်ပါသွားတယ်လို့ သိရပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ ဘင်္ဂါလီ ရိုဟင်ဂျာနဲ့ ရခိုင်ဒုက္ခသည်တွေ နှစ်ဘက်စလုံးက စခန်းတွေကို သွားရောက်ခဲ့တာပါ။

မနေ့ကတော့ နိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စီးပွား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ၊ ဒုတိယ ကမ္ဘာစစ်အတွင်းတုန်းက မြန်မာနိုင်ငံထဲမှာ ကျဆုံးခဲ့တဲ့ တူရကီစစ်သင်းချိုင်းကိစ္စ၊ နောက် နှစ်နိုင်ငံ အပြန်အလှန် သံရုံးတွေ ဖွင့်လှစ်ဖို့ကိစ္စတွေအပါအဝင် ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆူပူ အုံကြွမှုတွေကို မြန်မာအစိုးရက မျှမျှတတ ကိုင်တွယ်ဖြေရှင်းခဲ့ပုံ၊ နောက် နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ရခိုင်ပြည်နယ်အတွင်းက ပုံတွေဆိုပြီး လိမ်လည် ဖော်ပြနေကြတဲ့ကိစ္စတွေ အပါအဝင် အဓိကရုဏ်း သေဆုံးခဲ့သူ အရေအတွက် ၇၇ ဦး ရှိခဲ့ကြောင်း စတာတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် နေထိုင်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို နေရပ်ပြန်ဖို့ရေးနဲ့၊ သူတို့ တခြား တတိယနိုင်ငံတခုခုကို သွားလိုက သွားနိုင်ကြောင်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres မြန်မာနိုင်ငံကို ရောက်ခဲ့စဉ်က သမ္မတဦးသိန်းစိန်က အသိပေး ပြောကြားခဲ့တာပါ။

အလားတူပဲ ဒီကနေ့ အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာကြီးထဲမှာလည်း အိန္ဒိယနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ဥပဒေနည်းလမ်းနဲ့အညီ ဗဟိုအစိုးရအနေနဲ့ ပြန်ပို့ဖို့ သံန္နိဌာန်ချထားတဲ့အကြောင်း တရားရုံးချုပ်ကို အသိပေး အကြောင်းထားတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ဒီကနေ့ အခြေအနေတွေကတော့ ယေဘုယျအားဖြင့် တည်ငြိမ်မှုရှိနေပြီး စစ်တွေမြို့မှာ အရင် အဓိကရုဏ်းတွေ ဆိုးဆိုး ရွားရွား ဖြစ်နေတဲ့ အချိန်ကတည်းက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကိုလည်း အရင် ညနေ ၆ နာရီကနေ မနက် ၆ နာရီလို့ သတ်မှတ် ထားရာက အခုတော့ ညနေ ၇ နာရီကနေ မနက် ၅ နာရီ အထိ လျှော့ချပေးလိုက်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့မှာတော့ နောက်ဆက်တွဲ ဆူပူမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဗုဒ္ဓဟူးနေ့ညကစပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပါတယ် ခင်ဗျား။
XS
SM
MD
LG