သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီမှာ အသေခံဗုံးခွဲ ၅ဦးသေဆုံး


မတ်လ ၁၉ရက်နေ့က အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့သည့် အစ္စတန်ဘူးလ် မြို့လယ်နေရာကို ရဲတပ်ဖွဲ့ဝင်များက ကာကွယ်ထားစဉ်။ ဓါတ်ပုံ (REUTERS/Kemal Aslan)
မတ်လ ၁၉ရက်နေ့က အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့သည့် အစ္စတန်ဘူးလ် မြို့လယ်နေရာကို ရဲတပ်ဖွဲ့ဝင်များက ကာကွယ်ထားစဉ်။ ဓါတ်ပုံ (REUTERS/Kemal Aslan)

တူရကီနိုင်ငံ၊ အီစတန်ဘူလ် မြို့မှာ ဒီကနေ့ အသေခံဗုံးပေါက်ကွဲမှု တခုကြောင့် လူငါးယောက်သေဆုံးပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတဲ့လူ ၇ ဦး အပါအဝင် ၃၆ ယောက်ထက်မနည်းဒဏ်ရာရသွားတယ်လို့ တူရကီကျန်းမာရေး ဝန်ကြီးကပြောပါတယ်။ ဒဏ်ရာရသွားသူတွေ ထဲမှာ ပြည်ပနိုင်ငံသား ၁၂ ဦး ပါဝင်တယ်လို့ ဝန်ကြီး Mehmet Muezzinoglu ကပြောပါတယ်။

ရုံးပိတ်ရက် မှာ လူစည်ကားလေ့ရှိတဲ့ မြို့လယ်ခေါင် အဓိက ဈေးဝယ်စင်တာတွေ အနီးက Istiklal လမ်းမမှာ ခုလိုပေါက်ကွဲမှုဖြစ်ပွါးခဲ့တာပါ။ လူနာတင်ယာဉ်တွေနဲ့ မှုခင်းဆိုင်ရာ ဆေးပညာရှင်အဖွဲ့ ရောက်လာချိန်မှာပဲ အခင်းဖြစ်ပါွးရာ နေရာကိုရဲတွေက အမြန်ပိတ်ဆို့ထားလိုက်ပါတယ်။ အီစတန်ဘူလ်ကို တရားဝင် ခရီးစဉ်နဲ့ရောက်ရှိနေတဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကဒီတိုက်ခိုက်မှုကို ရှုံ့ချလိုက်သလို တူရကီအစိုးရနဲ့ တိုင်းပြည်အတွက် ဝမ်းနည်း ကြောင်း ပြောကြားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ကလည်း တိုက်ခိုက်မှုကို ရက်စက်ယုတ်မာပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပြီး တူရကီနဲ့အတူ ပြင်သစ်နိုင်ငံ စည်းလုံးညီညွှတ်စွာ ရပ်တည်နေတယ် လို့ပြောပါတယ်။

ပြီးခဲ့တဲနှစ်က မြို့တော် Ankara မှာဗုံးလေးကြိမ်ပေါက်ကွဲခဲ့တာကြောင့် သတိကြီးစွာ ထားနေရတာပါ။ နောက်ဆုံးဖြစ်သွားတဲ့ မတ်လ ၁၃ ရက်နေ့ တိုက်ခိုက်မှုကိုတော့ ကာ့တ်ဒ် သူပုန်တွေက သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုမှာ ဗုံးခွဲသူ ၂ ဦးအပါအဝင် လူ၃၇ ယောက် သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG