သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယားအရေး တရုတ်သမ္မတကို Trump ဖိအားပေးမည်


အမေရိကန်သမ္မတ Trump နှင့်ဇနီး Melania Trump နဲ့ တရုတ်သမ္မတ Xi နှင့် ဇနီး Peng Liyuan
အမေရိကန်သမ္မတ Trump နှင့်ဇနီး Melania Trump နဲ့ တရုတ်သမ္မတ Xi နှင့် ဇနီး Peng Liyuan

အမေရိကန်သမ္မတ Donald Trump ရဲ့ အာရှငါးနိုင်ငံဆီ ၁၂ ရက်ကြာခရီးစဉ်အတွင်း ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကို သွားရောက်ခဲ့ပြီးတဲ့နောက် အခု တရုတ်နိုင်ငံကိုရောက်ရှိနေပြီ ဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီနဲ့တွေ့ဆုံတဲ့အခါ မြောက်ကိုရီးယားအရေး ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝ လိုက်နာ ဆောင်ရွက်ဖို့ တိုက်တွန်းမှာဖြစ်သလို နှစ်နိုင်ငံကြား ကုန်သွယ်ရေး မညီမျှမှုဖြစ်နေတာကိုလည်း အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီး Wilbur Ross က မနေ့က ဘီဂျင်းမြို့မှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မခွာညိုက ဆက်ပြောပြပါမယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ ဇနီး Melania Trump တို့ရဲ့ အာရှခရီးစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် မနေ့ ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံဆီ ၂ ရက်ကြာသွားရောက်ခဲ့ကြပြီး တရုတ်သမ္မတ Xi Jinping နဲ့ ဇနီး တို့နဲ့အတူ ဘေဂျင်းမြို့တော်က အထင်ကရ နေရာ တခုဖြစ်တဲ့ Forbidden City မှာ တရုတ် အော်ပရာပြဇာတ်ကို အတူကြည့်ရှုခဲ့ကြပါတယ်။ သမ္မတ Turmp ဟာ သမ္မတ Xi နဲ့အတူ မြောက်ကိုရီးယား အပေါ် ပိုပြီး တင်းတင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမယ့်အကြောင်း သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ရှိကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတ Trump က တောင်ကိုရီးယားကနေ တရုတ်နိုင်ငံကိုမထွက်ခွာခင်မှာ မြောက်ကိုရီးယား ရဲ့ အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့တကွ ကမ္ဘာ့နိုင်ငံအားလုံးကို မြောက်ကိုရီးယားနိုင်ငံအပေါ် သံတမန် ဆက်ဆံရေး လျှော့ချဖို့၊ ကုန်သွယ်ရေးနဲ့နည်းပညာပိုင်းမှာ ဆက်သွယ် လုပ်ကိုင်နေတာတွေအားလုံး ဖြတ်တောက်ဖို့ စတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေမှာ အပြည့်အဝ ပါဝင်ဆောင်ရွက် ကြဖို့ ရုရှားနဲ့ တရုတ်နိုင်ငံတို့အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

“ဒီအန္တရာယ်ကို အတူတကွ ဆန့်ကျင်သွားကြဖို့ဆိုတာ ကျနော်တို့ရဲ့ တာဝန်ဖြစ်သလို ကျနော်တို့လုပ်ရမယ့် အလုပ်လည်းဖြစ်ပါတယ်။ အကြောင်းကတော့ အချိန်ကြာလာလေ၊ အန္တရာယ်ပိုကြီးလာလေ ဖြစ်နေပြီး ရွေးချယ် စရာလမ်းကြောင်းကလည်း ပိုနည်းလာလို့ပါပဲ။”

တရုတ်နိုင်ငံခရီးစဉ်အတွင်း သမ္မတ Trump က ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေးဆုံးဖြတ်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့နဲ့ မြောက်ကိုရီးယားနဲ့ စီးပွားရေးအဆက်အသွယ်ဖြတ်တောက်ဖို့ကိစ္စရပ်တွေကို သမ္မတ Xi ကို တောင်းဆိုမှာ ဖြစ် ကြောင်း အိမ်ဖြူတော် အကြီးတန်းအရာရှိ တဦးက ဆိုးလ်မြို့ကနေ ထွက်ခွာလာစဉ် လေယာဉ်ပေါ်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ သမ္မတနှစ်ဦး တရားဝင်တွေ့ဆုံဆွေးနွေးကြတဲ့အခါ နှစ်နိုင်ငံကြား ကုန်သွယ်ရေးမညီမျှမှုအပေါ် အဓိကထား ဆွေးနွေးကြမှာဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Wilbur Ross က မနေ့၊ ဗုဒ္ဓဟူးနေ့က ဘီဂျင်းမြို့မှာ ပြောပါတယ်။ ကုန်သွယ်ရေးဝန်ကြီး Ross က နှစ်နိုင်ငံကြား အမေရိကန်ဒေါ်လာ ၉ ဘီလီယံရှိ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးတဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ သမ္မတ Trump က တရုတ်နိုင်ငံဘက်က ကုန်သွယ်ရေး အသာရနေတဲ့အပေါ်မှာ မမျှတဲ့ကုန်သွယ်ရေးဖြစ်ကြောင်း အမြဲ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးမှာ ဒီနှစ်တနှစ်လုံး လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၂၂၃ ဘီလီယံထိ တရုတ်နိုင်ငံက အသာရနေပြီး မနှစ်တုန်းက အမေရိကန်ဒေါ်လာ ၃၄၇ ဘီလီယံအထိ ကုန်သွယ်ရေးမှာ အသာရခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့စာရင်းအရ တရုတ်က အမေရိကန်ကို ပို့ကုန်ဟာ အောက်တိုဘာလအထိ ၈.၃ % မြင့်တက်ခဲ့ပြီး အမေရိကန်ကနေ သွင်းကုန် ကတော့ ၄.၃ % မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တရုတ်နိုင်ငံဘက်က အမေရိကန်ဒေါ်လာ ၂၆.၆၂ ဘီလီယံဖိုး ကုန်သွယ်ရေးအသာစီးရနေပြီး စက်တင်ဘာလကမှတ်တမ်းမှာတော့ အမေရိကန်ဒေါ်လာ ၂၈.၀၈ ဘီလီယံအထိ ရှိခဲ့တာဖြစ်ပါတယ်။

သမ္မတ Trump ဟာ တရုတ်နိုင်ငံခရီးစဉ်အပြီး APEC အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ညီလာခံကို တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ အဲဒီနောက် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် ၃၁ ကြိမ်မြောက် ASEAN ထိပ်သီးညီလာခံကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG