သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်သံ Channel ၅ ခု လုပ်ခွင့်ပေးတာ မီဒီယာလွတ်လပ်ခွင့်ကို မြှင့်တင်ပေးတာမျိုးလား


Digital TV Transformation in Myanmar
Digital TV Transformation in Myanmar

အခုနှစ် သင်္ကြန်ပိတ်ရက်နဲ့ ကပ်ပြီး ထွက်လာတဲ့ ကြေငြာချက် တစ်ခုကတော့ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရဲ့ Multichannel Play Out System မှာ ရုပ်သံလွှင့်လုပ်ငန်း Digital Free to Air လုပ်ကိုင်ခွင့်ရရှိသူ Content Providers စာရင်း ထုတ်ပြန်ကြေငြာလိုက်တာပါ။ ပမာဏ ရွေးချယ်ခံထားရတဲ့ ကုမ္ပဏီ (၁၀) ခုထဲကမှ (၅) ခုရဲ့ စာရင်းကို အပြီးသတ် ထုတ်ပြန်ကြေငြာလိုက်တာ ဖြစ်ပါတယ်။ လုပ်ကိုင်ခွင့် ရသွားတဲ့ ကုမ္ပဏီတွေကတော့ မဇ္ဈိမ၊ ကောင်းမြန်မာအောင်၊ Young Investment Group ၊ ဒီဗွီဘီမာတီမီဒီယာဂရု နဲ့ Fortune International လီမီတက်တို့ပဲ ဖြစ်ပါတယ်။ ပမာဏ ရွေးချယ်ခံ ကုမ္ပဏီ (၁၀) ခုထဲပါပြီး ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်ဖို့ အကြီးအကျယ် ပြင်ဆင်နေတဲ့ အလဲဗင်း မီဒီယာ ကုမ္ပဏီကတော့ ရွေးချယ် မခံရပါဘူး။ ထုတ်ပြန်ချက် ထွက်လာချိန်ဟာ သင်္ကြန်ပိတ်ရက်နဲ့ ကပ်နေပြီး၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေလည်း ရပ်နားထားတဲ့အတွက် ဝေဖန်သံတွေ ထွက်ပေါ်မလာနိုင်သေးပါဘူး။ အခု ရုပ်သံ ထုတ်လွှင့်ခွင့်ပေးလိုက်တာဟာ ဘယ်လို အမျိုးအစားလဲ၊ ဒါကို မီဒီယာ လွတ်လပ်ခွင့်အတွက် တိုးတက်မှု တစ်ခုလို့ ခေါ်နိုင်မလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

လက်ရှိ မြန်မာနိုင်ငံ ရုပ်သံထုတ်လွှင့်မှုစနစ်မှာ Free to Air နဲ့ အခပေး ရုပ်သံလိုင်း ဆိုပြီး နှစ်မျိုး ရှိပါတယ်။ လက်ရှိ အခပေး ရုပ်သံလုပ်ငန်းကို Skynet နဲ့ Forever Group နှစ်ခုက လုပ်ကိုင်ခွင့် ရထားပါတယ်။ ဂြိုလ်တုစလောင်း နဲ့ ထုတ်လွှင့်တဲ့ စနစ်မို့ ရုပ်သံလိုင်းတွေ အများကြီး ပါဝင်ပါတယ်။ Free to Air အခမဲ့ ရုပ်သံလိုင်း ထုတ်လွှင့်မှုမှာလည်း စနစ်နှစ်မျိုး ရှိပါတယ်။ အရင် ခေတ်အဆက်ဆက် ထုတ်လွှင့်ခဲ့တဲ့ အနာလော့ဂ် စနစ် ရှိသလို Digital Video Broadcasting DVB-T2 လို့ခေါ်တဲ့ ဒီဂျစ်တယ် စနစ်နဲ့ ထုတ်လွှင့်တာလည်း ရှိပါတယ်။ အနာလော့ဂ် စနစ်နဲ့ ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေကတော့ MRTV, MITV နဲ့ မြဝတီ ရုပ်သံ အပါအဝင် လိုင်းနည်းနည်းပဲ ကျန်ရစ်ပါတယ်။ ဒီစနစ်နဲ့ ထုတ်လွှင့်တာကိုတော့ ဘယ်လို ရုပ်မြင်သံကြားစက်နဲ့ မဆို ဖမ်းယူ ကြည့်ရှုနိုင်ကြပါတယ်။ ဒီဂျစ်တယ် စနစ်နဲ့ ထုတ်လွှင့်မှုကိုတော့ DVB-T2 စနစ်ပါတဲ့ နောက်ဆုံးပေါ် ရုပ်မြင်သံကြားစက်တွေနဲ့ ဖြစ်စေ၊ သီးသန့် DVB-T2 စက်လေးတွေကို ဝယ်ယူပြီး အနာလော့ဂ် တီဗွီတွေနဲ့ ချိတ်ဆက်ပြီးဖြစ်စေ ကြည့်ရှုနိုင်ပါတယ်။ လက်ရှိ

ဒီဂျစ်တယ် DVB-T2 စနစ်နဲ့ ဖမ်းယူနိုင်တဲ့ လိုင်းပေါင်း ၂၀ ဝန်းကျင်လောက် ရှိပါတယ်။ အဲဒါတွေကတော့ MRTV, MITV, MRTV-4, MNTV, မြဝတီ၊ MRTV နဲ့ ဆက်စပ် လိုင်းတွေ၊ မြဝတီနဲ့ ဆက်စပ်လိုင်းတွေ ဆိုပြီး ရှိကြပါတယ်။ အခု ထုတ်လွှင့်ခွင့်ပေးမယ့် ချယ်နယ်လိုင်း ၅ ခုဆိုတာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ရယူထားတဲ့ Multichannel Play Out System ကနေ ထုတ်လွှင့်ရမှာဖြစ်ပြီး DVB-T2 စနစ်နဲ့ ဖမ်းယူနိုင်တဲ့ ရုပ်မြင်သံကြားစက် ရှိသူတွေ ကြည့်ရှုနိုင်မှာမျိုးပါ။

အခု ရွေးချယ်ခံလိုက်ရတဲ့ ကုမ္ပဏီတွေဟာ ရုပ်သံထုတ်လွှင့်မှုအတွက် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်သလို၊ ထုတ်လွှင့်ခ အဖြစ် ပြန်ကြားရေးဝန်ကြီးဌာနကို တစ်လ ကျပ် သိန်း ၂၀၀ ပေးသွင်းရမှာဖြစ်ပါတယ်။ ဒီလောက် မကသေးပါဘူး။ အခု ရုပ်သံ ထုတ်လွှင့်မယ့်သူတွေဟာ ထုတ်လွှင့်မယ့် တာဝါတိုင်တွေနဲ့ ထပ်ဆင့်လွှင့် တာဝါတိုင်တွေ ရှိကြဦးမှာ မဟုတ်သေးပါဘူး။ ဒီအတွက် တာဝါတိုင်တွေ ထူထောင်ထားတဲ့ မြန်မာ့ရုပ်သံ၊ မြဝတီ ရုပ်သံ၊ စကိုင်းနက် စတဲ့ အဖွဲ့အစည်းတွေကနေ တာဝါတိုင်အသုံးပြုခ ပေးပြီး ထုတ်လွှင့်ရပါလိမ့်မယ်။ များများပျံ့နှံ့စေချင်ရင် တာဝါတိုင် များများ ငှားရမှာဖြစ်ပြီး ငွေလည်း များများ ကုန်ကျပါလိမ့်မယ်။

တကယ်တော့ အခုလို အခမဲ့ ရုပ်သံလိုင်း ထုတ်လွှင့်ခွင့်ပေးတာဟာ အဲဒီ ကုမ္ပဏီ(၅) ခု ပထမ ဦးဆုံး မဟုတ်ပါဘူး။ ဖေါ်အဲဗားဂရုဖ် က ထုတ်လွှင့်တဲ့ MRTV-4, စကိုင်းနက်က ထုတ်လွှင့်တဲ့ MNTV အပါအဝင် ချယ်နယ် ဆဲဗင်း၊ ချယ်နယ် 9 တို့ကလည်း အလားတူ စနစ်မျိုးနဲ့ပါပဲ။ အခု လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေဟာ အရင် ထုတ်လွှင့်ခွင့် ရထားတဲ့ ကုမ္ပဏီတွေနည်းတူ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုရပါလိမ့်မယ်။ အဲဒီ စာချုပ်ထဲမှာ ဘယ်လို မူနဲ့ ထုတ်လွှင့်ရမယ်၊ ဘာတွေ မလုပ်ရဘူး ဆိုတာ အသေးစိတ် ရေးသားထားပါလိမ့်မယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခု ထုတ်လွှင့်ခွင့်ရမယ့် ချယ်နယ် (၅) ခုဟာ တည်ဆဲ ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် ထုတ်လွှင့်ခွင့်ရမယ့် အနေအထားမျိုးတော့ မရှိပါဘူး။ ပြန်ကြားရေးနဲ့ စာချုပ်ချုပ်ပြီး လုပ်ကိုင်ရတာ ဖြစ်လေတော့ ပြန်ကြားရေးက သတ်မှတ်တဲ့ စည်းမျဉ်းတွေ အောက်ကနေပဲ ထုတ်လွှင့်ရမှာပါ။ လိုအပ်ရင် ပြန်ကြားရေးဟာ အဲဒီ ချယ်နယ်တွေကို ထုတ်လွှင့်ခွင့် ချက်ခြင်း ရပ်ဆိုင်းတာ၊ သက်တန်း တိုးမပေးတာမျိုး လုပ်ပိုင်ခွင့် ရယူထားမှာ ဖြစ်ပါတယ်။

တစ်ချို့က မှတ်မိကောင်း မှတ်မိကြပါလိမ့်ဦးမယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီက ဖယ်ရှားတဲ့ ကာလ၊ ပြန်ကြားရေးဝန်ကြီးဌာနဟာ သူရဦးရွှေမန်းရဲ့သား ဦးတိုးနိုင်မန်း ပိုင်ဆိုင်တဲ့ ချယ်ရီ အက်ဖ်အမ် ရေဒီယိုလိုင်း ကို ထုတ်လွှင့်မှု ရပ်ဆိုင်းစေခဲ့ပါတယ်။ နောက်ပိုင်း စည်းကမ်းအတိုင်း လိုက်နာပါ့မယ်၊ အခြားခွင့်ပြုမထားတာတွေ မထုတ်လွှင့်ပါဘူးလို့ ညှိနှိုင်းတောင်းပန်တော့မှ ပြန်ပြီး ထုတ်လွှင့်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ Digital Free to Air ထုတ်လွှင့်ခွင့်ရတဲ့ ကုမ္ပဏီ (၅) ခုကိုကြည့်ရင် ဒီဗွီဘီ နဲ့ မဇ္ဈိမ မီဒီယာ နှစ်ခုပဲ ရုပ်သံလုပ်ငန်း အတွေ့အကြုံရှိကြတာပါ။ ဒီဗွီဘီဟာ ဂြိုလ်တုစနစ်နဲ့ ရုပ်သံထုတ်လွှင့်ခဲ့တာ ၂၀၀၅ ခုနှစ်ကတည်းကပါ။ နဂိုက ၈ ပေစလောင်းနဲ့ ဖမ်းယူကြည့်ရှုလို့ရတဲ့ စနစ် ဖြစ်ပါတယ်။ နောက်ပိုင်း ထိုင်းနိုင်ငံ အခြေစိုက် ၂ ပေစလောင်းနဲ့ ဖမ်းယူလို့ရတဲ့ စနစ်ထဲ ပါလာပါတယ်။ နယ်မြို့တွေ၊ ကျေးရွာတွေနဲ့ တိုက်ခန်းတွေမှာ အနီရောင်၊ အနက်ရောင်၊ လိမ္မော်ရောင် ၂ ပေစလောင်းလေးတွေ တပ်ဆင်ထားရင် အဲဒီ နေအိမ်တွေဟာ ဒီဗွီဘီ ရုပ်သံကို ကြည့်ရှုတဲ့ နေအိမ်တွေပါပဲ။ ဒါပေမယ့် တည်ဆဲ ဥပဒေအရ ဆိုရင်တော့ မြန်မာနိုင်ငံထဲ အဲဒီ စလောင်းတွေ တင်သွင်းတာ၊ ရောင်းချတာ၊ တပ်ဆင်တာ၊ ကြည့်ရှုတာတွေဟာ တရားမဝင်ပါဘူး။ အခုဆို ဘယ်လိုပဲဖြစ်ဖြစ် ဒီဗွီဘီ ရုပ်သံရဲ့ ထုတ်လွှင့်မှုတွေကို Digital Free to Air စနစ်ကနေ ပြည်သူတွေ တရားဝင် ကြည့်ရှုခွင့်ရပါတော့မယ်။

မဇ္ဈိမ ကတော့ ရုပ်သံ အစီအစဉ် တစ်ချို့ ရိုက်ကူးပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကို ပေးသွင်းနေတာ ကာလ အတော်ကြာပါပြီ။ အခု တရားဝင် ရုပ်သံလိုင်းတစ်လိုင်း ပိုင်ဆိုင်ပါတော့မယ်။ ရွေးချယ်ခံရတဲ့အထဲ Fortune International ဟာလည်း မြန်မာ့ရုပ်သံကို အစီအစဉ်တွေ ထုတ်လုပ်ပေးနေတဲ့ ဦးအံ့ဖုန်းမြတ်ဦးဆောင်တဲ့ MCN ကုမ္ပဏီနဲ့ တွဲလုပ်မှာ ဖြစ်သလို၊ Young Investment Group ကလည်း ဒါရိုက်တာ၊ သရုပ်ဆောင်၊ နာမည်ကြီး လူရွှင်တော် ဇာဂနာ နဲ့ ပူးပေါင်း လုပ်ကိုင်မှာပါ။ ကောင်းမြန်မာအောင် ကုမ္ပဏီကတော့ နာမည်ကြီး CB ဘဏ်သူဌေးကြီး ဦးခင်မောင်အေး ဦးဆောင်ပြီး ဒေါ်လာ ၁၂ သန်းလောက် ရင်းနှီးမြှုပ်နှံမယ်လို့ အဆိုပြုထားတဲ့ အတွက် ပမာဏ အလွန်ကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုလို့ ပြောရင် ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ပြန်ကြားရေးနဲ့ စာချုပ်ချုပ်ပြီး Digital Free to Air ထုတ်လွှင့်နေတဲ့ ချယ်နယ်တွေကိုကြည့်ရင် လက်ရှိ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေ ဘယ်လောက် လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်မလဲ မှန်းဆနိုင်ပါတယ်။ ပြောရရင် အင်န်အယ်လ်ဒီ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနဟာ စ ပြီး တာဝန်ယူချိန်ကစ မီဒီယာ လွတ်လပ်ခွင့်အတွက် သိသာထင်ရှားတဲ့ ဆောင်ရွက်ချက်မျိုး လုပ်ပေးခဲ့တာ မရှိသေးပါဘူး။ အခု ချယ်နယ်ငါးခု ထုတ်လွှင့်ခွင့် ပေးတယ် ဆိုတာမျိုးဟာ ရုပ်သံဥပဒေအရ ပေးတဲ့ ထုတ်လွှင့်ခွင်မျိုးကသာ အာမခံချက်လည်းရှိ၊ လွတ်လည်း လွတ်လပ်ပါလိမ့်မယ်။ ပြန်ကြားရေးနဲ့ စာချုပ်ချုပ်ပြီး လုပ်ခွင့်ပေးတာဟာ အရင်ကလည်း ဒီလိုပဲ ပေးခဲ့ဖူးတာဖြစ်လို့ ထူးခြား၊ သိသာထင်ရှားတဲ့ မီဒီယာ လွတ်လပ်ခွင့် မြှင့်တင်ပေးမှုလို့ မမှတ်ယူနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG