သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံ ဒီကနေ့ စတင်မည်


(Credit: Htet Aung Khant)
(Credit: Htet Aung Khant)

ငြိမ်းချမ်းရေးကို အဓိက ဦးစားပေးဆောင်ရွက်မယ်လို့ NLD အစိုးရသစ်က ပြောကြားထားတဲ့အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ရေး အင်မတန်အရေးကြီးတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ဒီကနေ့ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီညီလာခံနဲ့ ပတ်သက်လို့ သတင်းယူနိုင်ဖို့အတွက် ကျမတို့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ကိုသားညွန့်ဦးလည်း အခု နေပြည်တော်မှာ ရောက်နေပါတယ်။ ဒါကြောင့် ဒီကနေ့ စတင်မယ့် ၂၁ ရာစု ပင်လုံညီလာခံ ဆွေးနွေးပွဲအကြောင်း မစုမြတ်မွန်က ကိုသားညွန့်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ကိုသားညွန့်ဦးရေ ဒီကနေ့ မကြာခင်အချိန်မှာပဲ ၂၁ ရာစု ပင်လုံညီလာခံ စတော့မယ်ဆိုတော့ ဒီကနေ့ ညီလာခံစမယ့်နေ့မှာ ဘာတွေအစီအစဉ်တွေရှိတယ်၊ ဘယ်လိုမျိုးကိစ္စတွေ ဆွေးနွေးမယ်၊ ဘာတွေပြောကြမယ်လို့ မျှော်လင့်နိုင်မလဲရှင့်။

ဖြေ - ဒီကနေ့မနက် ၉ နာရီခွဲမှာ သူတို့ဖွင့်ပွဲလုပ်မှာပါ။ ဖွင့်ပွဲကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နောက် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ သူတို့ကနေ အဓိက ဖွင့်ပွဲမိန့်ခွန်းတွေ ပြောကြမယ်။ ကာကွယ်ရေးဦးစီးချုပ်လည်း ပြောမယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါ ဖွင့်ပွဲအခမ်းအနားပေါ့။ ဖွင့်ပွဲပြီးတော့ အားလုံး ညီလာခံစပြီးတော့ လုပ်ကြမှာကတော့ နေ့လည် ၁ နာရီမှာ ပြန်ပြီးတော့ Myanmar Convention Center မှာပဲ တိုင်းရင်းသားတွေအားလုံး စုပြီးတော့ တကယ့် ညီလာခံကြီး စတင်ပြီးတော့ လုပ်မှာပါ။ အဲတော့ အဓိကကတော့ ဒီနေ့ကတော့ ဖွင့်ပွဲက အဓိကဖြစ်မှာပါ။

မေး - ဆိုတော့ ဒီညီလာခံမစခင်မှာပဲ ဒီညီလာခံကို တက်နိုင်ဖို့ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တွေ၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ၊ ဘယ်အဖွဲ့က ဘယ်နှစ်ယောက်တက်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးကို သူတို့ ဆွေးနွေးခဲ့ရတယ်၊ အချေအတင်ဖြစ်ခဲ့ရတယ်ပေါ့လေ။ အငြင်းပွားစရာတွေ ဖြစ်ခဲ့ရတယ်ဆိုတော့ - ညီလာခံကတော့ ဒီကနေ့ စပြီဆိုတော့ ဒီညီလာခံအပေါ်မှာ တိုင်းရင်းသားတွေဘက်က နောက်တခါ နိုင်ငံရေးအင်အားစုတွေဘက်က ဒီအပေါ် မျှော်လင့်ချက် ဘယ်လောက်ရှိသလဲ။ ဒီညီလာခံနဲ့ပတ်သက်လို့ စိတ်အားထက်သန်မှု ဘယ်လောက်ရှိတယ်လို့ရော မြင်ရပါသလဲ။

ဖြေ - ခုနက မစုမြတ်မွန် ပြောသွားသလိုပဲ ညီလာခံမတိုင်ခင်မှာ ညီလာခံတက်ရောက်နိုင်ဖို့နဲ့ ပတ်သက်လို့ပေါ့နော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရော၊ နိုင်ငံရေးပါတီတွေရော ဒီအပေါ် အတော်လေး အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ အငြင်းပွားမှုအတိုင်းပဲ တကယ်ညီလာခံကျင်းပတဲ့ အခါမှာလည်း အခုဆိုရင်တော့ ကျိန်းသေသလောက် ဖြစ်သွားပါပြီ။ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၊ နောက် တအာင်း-ပလောင်၊ နောက် AA ရခိုင့်တပ်မတော် အဲဒီ ၃ ဖွဲ့က အခု ညီလာခံ ပထမအကျော့မှာတော့ မတက်ရောက်နိုင်မယ့် အနေအထား ဖြစ်သွားပါပြီ။ အဲတော့ မတက်ရောက်နိုင်မယ့် အတွက်ကြောင့်မို့လို့ဆိုပြီးတော့ပဲ အခု SNLD ဥက္ကဌ ခွန်ထွန်းဦးကနေပြီးတော့ ဒီညီလာခံကို သူ မတက်တော့ဘူးဆိုပြီးတော့ ကျနော်တို့ သိရပါတယ်။ အဓိက ခွန်ထွန်းဦး ပြောတာကတော့ All Inclusive ပေါ့နော် အားလုံး ပါဝင်နိုင်တဲ့ ညီလာခံတခုဖြစ်ဖို့ သူတို့ လိုလားတယ်။ အဲလိုညီလာခံဖြစ်မှ တက်နိုင်မယ်ဆိုတဲ့သဘော ပြောတဲ့အခါကျတော့ ဒီ ၃ ဖွဲ့ မရှိတော့ သူ မတက်တော့ဘူးဆိုတဲ့သဘော ပြောပါတယ်။ အဲဒီအနေအထားမျိုးတော့ ကြုံပါတယ်။ ဒါပေမဲ့ ကျနော် မေးမြန်းကြည့်ရသလောက် တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရော၊ နိုင်ငံရေးပါတီတွေရော သူတို့ရဲ့ အမြင်ကတော့ ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီးတော့ ကျင်းပတယ်ဆိုတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံးကတော့ မပြီးသေးဘူး ဆက်ပြီးတော့ သွားရမယ်။ ဒါပေမဲ့ ဒီညီလာခံက တစုံတရာ ရလဒ်ကောင်းတွေ ရလာလိမ့်မယ်လို့တော့ အခိုင်အမာ ယုံထားတာ တွေ့ရပါတယ်။

မေး - အဲတော့ တက်မယ့် ဒီအဖွဲ့တွေဘက်က သူတို့ ဘာတွေကို တင်ပြဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ရော သိရပါသလဲရှင့်။

ဖြေ - အခုက ဆွေးနွေးပွဲက ကျနော် သိရသလောက်တော့ နိုင်ငံရေးမူဘောင်တွေကို အရင်ဆုံး ပြန်ပြီး ဆွေးနွေးမယ်။ နိုင်ငံရေးမူဘောင်ဆိုတာက အရင်တုန်းက သမ္မတဦးသိန်းစိန်လက်ထက်မှာ NCA စာချုပ်ချုပ်တဲ့ အထဲမှာပါတဲ့ နိုင်ငံရေးမူဘောင်ကိစ္စတွေပါပဲ။ အဲတော့ နိုင်ငံရေးမူဘောင်တွေကို ဒီညီလာခံပထမအကျော့ ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးမယ်လို့ သိရပါတယ်။ အဲဒါမျိုးကိုတော့ သူတို့ ယတိပြတ်အဖြေတခုရအောင်လို့ ချမယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင် နိုင်ငံရေးမူဘောင်ဆွေးနွေးခဲ့တယ်ဆိုတာက အစိုးရရယ်၊ တပ်ရယ်၊ NCA လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့ပဲ ပါတယ်။ UNFC တို့ ဘာတို့ မပါပါဘူး။ အခုက UNFC တို့ ပါလာတော့ ဒီကိစ္စကို အဓိကဆွေးနွေးမယ်လို့ သိရပါတယ် ဒီအကျော့မှာ။

မေး - ပထမအကျော့လုပ်တဲ့ ၂၁ ရာစုပင်လုံညီလာခံက ဖွင့်ပွဲနေ့အပါအဝင် စုစုပေါင်း ဆွေးနွေးမှာက ၅ ရက်ဆိုတော့ ဒီ ၅ ရက်အတွင်းမှာ ဘယ်လိုရလဒ်မျိုး ရလာလိမ့်မယ်လို့ တက်ရောက်တဲ့သူတွေဘက်က မျှော်လင့်ထားပါသလဲရှင့်။

ဖြေ - ကျနော် နားလည်သလောက်ရော၊ တက်ရောက်တဲ့သူတွေရဲ့ သိရှိမှုအရရော ကျနော် မေးမြန်းကြည့်တဲ့သဘောအရရော တကယ်တမ်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မပြီးပြတ်သေးပါဘူး။ အခုအနေအထားက ခုနက ကျနော်ပြောသလိုပါပဲ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာ ပထမအကျော့ပါပဲ။ ဒါပြီးရင် နောက်ထပ် ဒုတိယအကျော့၊ နောက်ထပ်အကျော့တွေလည်း လာဖို့ ရှိနေပါတယ်။ ပထမအကျော့မှာတော့ ခုနက ကျနော်ပြောသလိုပါပဲ နိုင်ငံရေးမူဘောင်လောက်ကိုပဲ ဖြတ်ပြီးတော့ နောက်ပိုင်းအသေးစိတ်ကိစ္စတွေ နောက်ပြီးတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဒါတွေ ထပ်သွားဖို့ရှိပါတယ်။ ဒါက process ဖြစ်စဉ်တခုအနေနဲ့ သွားမယ့်သဘောတော့ ရှိပါတယ်။ ဒီညီလာခံက ပထမအကျော့ပေ့ါနော်။ ငြိမ်းချမ်းရေးအားလုံး အဆင်ပြေသွားမယ်ဆိုတဲ့ အနေအထားမျိုးကိုတော့ မှန်းလို့ မရသေးပါဘူး။ ဒီညီလာခံအပြီးမှာတော့။ နောက်ထပ်အကျော့တွေ လာပါဦးမယ်။

၂၁ ရာစုပင်လုံညီလာခံကို သတင်းယူဖို့ နေပြည်တော်မှာ ရောက်နေတဲ့ ကိုသားညွန့်ဦးကို မစုမြတ်မွန်က ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်ရှင်။

၂၁ ရာစုပင်လုံညီလာခံ ဒီနေ့စမည်
please wait

No media source currently available

0:00 0:04:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG