သုံးရလွယ်ကူစေသည့် Link များ

တောင်တက်သမား ရှာဖွေရေး နိုင်ငံတကာ အဖွဲ့တွေရောက်ရှိ


တောင်ထိပ်သို့ တက်ရောက်သွားနိုင်ကြောင်း ပြသခဲ့တဲ့ ခါကာဘိုအောင်နိုင်ရေးအဖွဲ့ ရောက်ရှိရာပြမြေပုံ။ သတင်းဓာတ်ပုံ-တက္ကသိုလ်များခြေလျင်နှင့် တောင်တက် အသင်း - သဘာဝခေါ်သံဖောင်ဒေးရှင်း FB စာမျက်နှာ။

၁၉ရက်ကြာပျောက်ဆုံးနေတဲ့ မြန်မာတောင်တက်သမား၂ဦးကို ရှာဖွေဖို့အတွက် အမေရိကန်နဲ့ နီပေါလ်က ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒီကနေ့ ရန်ကုန်မြို့ကနေ ပူတာအိုမြို့ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ ရာသီဥတု အခြေအနေကောင်းတာနဲ့ ခါကာဘိုရာဇီတောင်ထွဋ်နဲ့ အနီးဆုံးကျေးရွာဖြစ်တဲ့ တဟောင်ဒမ်းကျေးရွာကို ရဟတ်ယာဉ်နဲ့ဆက်လက် ထွက်ခွာဖို့ ရှိသလို မြေပြင်ကယ်ဆယ်ရေး အဖွဲ့တွေလည်း ဒီကနေ့ တဟောင်ဒမ်းရွာက စတင် ထွက်ခွာကြပြီလို့ ထူးဖောင်ဒေးရှင်းက ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာပြည်မှာသာမက အရှေ့တောင်အာရှမှာပါ အမြင့်ဆုံးလို့ သတ်မှတ်တဲ့ ခါကာဘိုရာဇီတောင်ကို အောင်အောင်မြင်မြင်တက်ရောက်ခဲ့ပြီးတဲ့နောက် အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခဲ့တဲ့ ကိုအောင်မြင့်မြတ်နဲ့ ကို ဝေယံ မင်းသူတို့ကို ဆက်လက် ရှာဖွေနိုင်ဖို့အတွက် နိုင်ငံတကာ ရှာဖွေရေး အဖွဲ့တွေလည်း ပူးပေါင်း ပါဝင်လာရာမှာ ဒီကနေ့မှာတော့ အမေရိကန်နဲ့ နီပေါလ်နိုင်ငံက ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရန်ကုန်မြို့ကနေ ပူတာအိုမြို့ကို ထွက်ခွာ သွားပြီဖြစ်ပါတယ်။

အမေရိကန်နဲ့ နီပေါလ် ကယ်ဆယ်ရေးအဖွဲ့တွေ ပူတာအိုကို ပို့ဆောင် လိုက်ကြောင်း ကို ထူးဖောင်ဒေးရှင်းရဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုသက်က အခုလို ပြောပါတယ်။

ဟုတ်ကဲ့။ ထွက်သွားပါပြီ။ ကျနော်တို့ ဆရာဦးတေဇ ပိုင်တဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ချက်ခြင်း အားချင်း အမြန်ဆုံး ပူတာအိုကို ပို့ဆောင်လိုက်ပါပြီ။ မနက်က အမေရိကန် Team လာတာပါ။ သူတို့နဲ့ အတူတူ နီပေါလ်နိုင်ငံက ကျွမ်းကျင်တောင်တက်တဲ့သူရယ်၊ ရဟတ်ယာဉ်မောင်းနှစ်ဦးရယ် ပါသွားပါတယ်။ အားလုံးပေါင်း ခြောက်ယောက်ပါ။

အမေရိကန်နဲ့ နီပေါလ်က ကယ်ဆယ်ရေးအဖွဲ့တွေကို ပူတာအိုကနေ တက္ကသိုလ်ခြေလျင်နဲ့တောင်တက်အသင်း သဘာဝခေါ်သံဖောင်ဒေးရှင်းနဲ့ ထူးဖောင်ဒေရှင်းတို့ရဲ့ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေ အခြေစိုက်ထားတဲ့ တဟောင်ဒမ်းရွာကို ရာသီဥတုကောင်းတာနဲ့ ရဟတ်ယာဉ် ပို့ဆောင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီကနေ့မှာတော့ တဟောင်ဒမ်းရွာက ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေဟာ မြေပြင် ကနေ လုပ်ငန်းဆောင်ရွက်တာတွေကို စတင်နေပြီဖြစ်တယ်လို့လည်း သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုသက်က ပြောပါတယ်။

အဓိက ဒေသခံတိုင်းရင်းသား ဦးနမားဂျွန်ဆင်ဆိုတာ ရှိပါတယ်။ သူက ဂျပန်နဲ့ ခါကာဘိုရာဇီတောင်ကို လွန်ခဲ့တဲ့ ၁၈နှစ်က ရောက်ခဲ့တဲ့ အတွေ့အကြုံရှိပါတယ်။ သူနဲ့အတူတူ ဒေသခံ ရွာသားတချို့က ခါကာဘိုရာဇီတောင်တက်မယ့်အဖွဲ့ကို သယ်ပြီးတော့ ပို့ဆောင်ပေးခဲ့တဲ့ဟာရှိတော့ သူတို့အနေနဲ့ ကျနော်တို့ ထူးဖောင်ဒေးရှင်းက ကယ်ဆယ်ရေးအဖွဲ့ နဲ့ပေါင်းပြီးတော့ ခြေလျင်ခရီးနဲ့ ထွက်ခွာသွားပါပြီ။ တဟောင်ဒမ်းက ခြေလျင်ခရီးပါ။ ရဟတ်ယာဉ်နဲ့ကယ်ဆယ်ရေးကလက်ရှိ ရာသီဥတုအခြေအနေရယ် အဓိက မြေပြင်အနေအထားပေါ့နော်။ အဲ့တာကြောင့်မို့လို့ အခက်အခဲလေးတွေရှိနေပါတယ်။ ရှာဖွေရေးအတွက် ခြေလျင်မြေပြင် ကယ်ဆယ်ရေးအတွက်ကတော့ ထွက်ခွာသွားပါပြီး။

အမေရိကန် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှာတော့ အဖွဲ့ဝင်၂ယောက်ပါဝင်ပြီး အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အင်ဒီတိုင်ဆန်ဟာ လွန်ခဲ့တဲ့နှစ်က မြန်မာပြည်က ဒုတိယ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဂမ်လန်ရာဇီတောင်ကို တက်ရောက် ခဲ့ဖူးသူဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိချိန်မှာ အင်ဒီတိုင်ဆန်က သူဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေနဲ့ပတ်သက်ပြီး သတင်း မီဒီယာတွေကို အခုလို ဖြေကြားခဲ့ပါတယ်။

ဘာတွေဖြစ်ပျက်နေတာကို အရင်လေ့လာမယ်၊ နောက် လုပ်ငန်း အစီအစဉ်တွေ ရေးဆွဲပြီး အဲဒီအစီအစဉ် အတိုင်း ဆောင်ရွက် သွားမှာဖြစ်တယ် လို့ ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေး အတွက် အဓိက စိန်ခေါ်ချက် ကတော့ မိုးရွာတာနဲ့ နှင်းကျတာတွေဖြစ်နိုင်မယ်လို့ သူက အရင် အတွေ့အကြုံကို အခြေခံပြီး သုံးသပ်ပြောဆိုပါတယ်။

အမေရိကန် ကယ်ဆယ်ရေးအဖွဲ့နဲ့ အတူ ဒီကနေ့ ပူတာအိုကို ထွက်ခွာသွားတဲ့ နီပေါလ် အဖွဲ့မှာတော့ အဖွဲ့ဝင် ၄ယောက်ပါဝင်ပါတယ်။ အဖွဲ့ဝင် ၂ ယောက်က တောင်တက် ကယ်ဆယ်ရေး လုပ်ငန်း ကျွမ်းကျင်တဲ့ ရဟတ်ယာဉ်မောင်း ၂ဦးဖြစ်ပြီး ကျန် ၂ဦးကတော့ ဧ၀ရတ်တောင် တက်ရောက်သူတွေကို လမ်းပြပေးတဲ့ ကျွမ်းကျင်တောင်တက်သမား ၂ဦးဖြစ်တယ်လို့ ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပျောက်ဆုံးနေတဲ့ တောင်တက်သမား၂ယောက်ကို မြန်မာနိုင်ငံအတွင်းကနေ အခုလို မြေပြင်နဲ့ ဝေဟင်ကနေ ကယ်ဆယ်ဖို့ ဆောင်ရွက်နေချိန်မှာပဲ တရုတ် ကယ်ဆယ်ရေး အဖွဲ့ဖြစ်တဲ့ Blue Sky ခေါ် ကောင်းကင်ပြာ အဖွဲ့ကတော့ တရုတ်နိုင်ငံ တိဗက်ဒေသဘက်ကနေ ရှာဖွေကယ်ဆယ်သွားဖို့ စီစဉ်ထားပါတယ်။

မြန်မာတောင်တက်သမား၂ယောက်ဖြစ်တဲ့ ကိုအောင်မြင့်မြတ်နဲ့ ကို ဝေယံမင်းသူတို့ဟာ သြဂုတ်လ ၃၁ရက်နေ့က ခါကာဘိုရာဇီတောင်ကို တက်ရောက်အောင်မြင်ပြီးတဲ့နောက် အခြေစိုက်စခန်းမှာ ကျန်နေတဲ့အဖွဲ့တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။ သူတို့ ၂ယောက်ဟာ ခါကာဘိုရာဇီတောင်ကို ဒုတိယ အောင်အောင်မြင်မြင် တက်ရောက်နိုင် သူတွေဖြစ်ကြပြီး ၁၉၉၆ ခုနှစ်က ဂျပန်နိုင်ငံသား အိုဇာကီနဲ့ တိဗက်လူမျိုး မြန်မာပြည်သား နမားဂျွန်ဆင်တို့ဟာ ပထမဆုံးတက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG