သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ တမိသားစု ကလေး ၂ ဦးပေါ်လစီ ဒေါ်စု ဝေဖန်


ရိုဟင်ဂျာတမိသားစု ကလေး ၂ ယောက်ပေါ်လစီနဲ့ပတ်သက်ပြီး သတင်းထောက်တွေနဲ့အမေး ဒေါ်အောင်ဆန်းစုကြည် ဖြေကြားနေစဉ် (၂၇ မေ ၂၀၁၃)
ရိုဟင်ဂျာတမိသားစု ကလေး ၂ ယောက်ပေါ်လစီနဲ့ပတ်သက်ပြီး သတင်းထောက်တွေနဲ့အမေး ဒေါ်အောင်ဆန်းစုကြည် ဖြေကြားနေစဉ် (၂၇ မေ ၂၀၁၃)
မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေအနေနဲ့ တမိသားစုမှာ ကလေး ၂ ယောက်ပဲ မွေးဖွားခွင့် ရှိတယ်ဆိုပြီး ဒေသအာဏာပိုင်တွေက ပြန်လည် ချမှတ်လိုက်တဲ့ ပေါ်လစီအပေါ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြစ်တင် ဝေဖန်လိုက်ပါတယ်။အဲ့ဒီလုပ်ရပ်ဟာ ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့မှာ ပြောကြားလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာ မိသားစုတွေအနေနဲ့ တအိမ်ထောင်မှာ ကလေး ၂ ယောက်ပဲ မွေးဖွားခွင့်ရှိတယ်ဆိုပြီး ၁၉၉၀ ခုနှစ်တွေမှာ ချမှတ်ခဲ့တဲ့ ကန့်သတ်ချက်ကို ဒေသန္တရအစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြန်လည် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အခုလို လူဦးရေ ကန့်သတ်ရခြင်း အကြောင်းရင်းနဲ့ ပတ်သက်ပြီး ရခိုင်အစိုးရ သတင်းထုတ်ပြန်ရေး ကော်မီတီအတွင်းရေးမှူး ဦးဝင်းမြိုင်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ ရခိုင်မရောက်ခင် ဟိုးအရင်ကတည်းက ရှိခဲ့တာလို့ သိရပါတယ်ခင်ဗျ။ အဲ့ဒါတွေကို UN အဖွဲ့နဲ့ AZG(Artsen Zonder Grenzen/Medecins Sans Frontieres (AZG) ဆိုတဲ့ ဆရာဝန်အဖွဲ့တွေက ဆောင်ရွက်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း သူတို့က အောင်မြင်တယ်လို့ ပြောပေမဲ့ အပြင်မှာကတော့ လူဦးရေ ဖောင်းပွနှုန်းက တအားကြီးကို များလာပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့ ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင် က သူတို့ဘာသာရေးအရတော့ မှန်ပါတယ်။ ဒါပေမဲ့ လူဦးရေအရ ထိန်းချုပ်သင့်ပါတယ်လို့ သူတို့က အကြံပြုထားတယ်။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့က ဒီဒေသန္တရအပြင် နစခအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တို့ ပေါင်းပြီးတော့ ဒီအမိန့်ကို ပြန်ပြီးတော့ အတည်ပြု ထပ်ပြီးတော့ ကြေညာပေးရပါတယ်ခင်ဗျ။ အဲ့ဒီ စုံစမ်းရေးကော်မရှင်မှာတော့ သူ့မှာလေ သူတို့ရဲ့ စာတွေ ထုတ်ပြန်တာ၊ အပြည့်အစုံ ကြေညာထားပါတယ်ခင်ဗျ။ ဖော်ပြသည့်အတိုင်း ဆောင်ရွက်နေတာပါခင်ဗျ။ သူတို့က ဒီဟာ အရင်တုန်းကလည်း ရှိခဲ့ဖူးတယ်။ ဒါပေမဲ့လည်း အဲ့ဒါလုပ်ရင် သူတို့ဘာသာရေးနဲ့ပတ်သက်လို့ ပြဿနာတက်နိုင်တယ်။ သို့ပေမဲ့လည်း ဒီဟာကို ဆောင်ရွက်သင့်တယ်ဆိုပြီး ကျနော်တို့က အရင်တုန်းကတည်းက ရှိတဲ့ဟာကို ပြန်ပြီး ဆောင်ရွက်တာပါ။”

ဒီကန့်သတ်ချက်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့ ၂ မြို့မှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၈ သိန်းလောက်ရှိတဲ့ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုပါဘူး။

သူတို့ထဲမှာ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူတွေလည်း ပါဝင်တဲ့အတွက်၊ နိုင်ငံသားဖြစ်မှုကို ပြန်လည်စိစစ်ဖို့ လိုအပ်တဲ့အကြောင်း ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်က မကြာမီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

ယခင်က ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုခြင်း မရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ဝေဖန် ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG