သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘောဒီးယားနိုင်ငံမှာ လူဦးရေရဲ့ လေးပုံတပုံနီးပါးကို သတ်ဖြတ်ခဲ့တဲ့ ခမာနီ ကွန်မြူနစ် အစိုးရ အုပ်ချုပ်မှုနောက်ပိုင်း နှစ်ပေါင်း ၃၅ နှစ်အကြာမှာတော့ အဲဒီအချိန်က ခမာနီ ခေါင်းဆောင်နှစ်ဦးကို လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ ထောင်ဒဏ်တသက်စီ ချမှတ်လိုက်ပါတယ်။

ကျန်းမာရေး မကောင်းတော့တဲ့ အသက် ၈၃ နှစ်အရွယ် ခမာနီခေါင်းဆောင်ဟောင်း ခီယူဆန်ဖန် (Khieu Samphan) နဲ့ အသက် ၈၈ နှစ်အရွယ် အယူအဆရေးရာ အကြီးအကဲဟောင်း နုံချာ (Nuon Chea) တို့ကို လူသတ်မှု၊ နိုင်ငံရေး အရ နှိပ်စက်ညှင်းပမ်းမှုတွေနဲ့ တခြား လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ အပြစ်ရှိကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားတဲ့ ခုံရုံးက ဒီကနေ့ အမိန့်ချမှတ်လိုက်တာပါ။

အသက်ရှင်ရက် ကျန်ရစ်တဲ့ ရာထူးအကြီးဆုံး ခမာနီအကြီးအကဲဟောင်း ၂ ယောက်ကတော့ ဒီပြစ်မှုတွေနဲ့ပတ်သက်လို့ သူတို့အမှား တစုံတရာမလုပ်ခဲ့သလို့ ဒီပြစ်မှုတွေဟာ သူတို့မသိခဲ့တာဖြစ်စေ သူတို့အနေနဲ့ ဒီလိုဖြစ်မလာအောင်လုပ်ဖို့ အာဏာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

သူတို့ရဲ့ ခုခံပြောဆိုချက်တွေကိုတော့ တရားရုံးက ပယ်ချခဲ့ပါတယ်။ အဲဒီအချိန်က နိုင်ငံအကြီးအကဲတာဝန်ထမ်းဆောင်ခဲ့တဲ့ ခီယူဆန်ဖန် အနေနဲ့ ကန်ပူးချား ကွန်မြုနစ်ပါတီရဲ့ မူဝါဒဆိုင်ရာကို သေသေချာချာ သိသူဖြစ်ပြီး နုံချာကလည်း ပါတီရဲ့ ဆုံးဖြတ်လုပ်ဆောင်မှုတွေကို ကိုင်တွယ်ခဲ့သူ ဆိုတာ တွေ့ရှိရကြောင်း တရားရု့းက ပြောပါတယ်။

၁၉၇၅ ခုနှစ်က သန်းနဲ့ချီတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို ဖနွမ်းပင်မြို့ကနေ ကျေးလက်ဒေသက အလုပ်ကြမ်းစခန်းတွေကို အတင်းအကျပ် ပို့ဆောင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီးတော့ ခုံရုံးက သူတို့ကို စစ်ဆေးခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ခဲ့တဲ့ ဒုတိယအကြိမ် ခုံရုံး စစ်ဆေးမှုမှာတော့ လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အပါအ၀င် တခြား စွဲချက်တွေနဲ့ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဆိုရှယ်လစ် နိုင်ငံတော်ကြီးထူထောင်ဖို့ ကျိုးစားခဲ့တဲ့ ခမာနီတွေ အုပ်စိုးခဲ့တဲ့ ၁၉၇၅ ကနေ ၇၉ ခုနှစ်တွေ အတွင်း အစာရေစာ ငတ်မှုမှု အလုပ်ကြမ်းဒဏ်ခံရမှုနဲ့ အကွပ်မျက် ခံကြရတဲ့အတွက် ကမ္ဘောဒီးယား နိုင်ငံသား ၂ သန်းလောက် သေဆုံးခဲ့ရတာပါ။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG