သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ဘေးရှောင် ၂ ဦး အသတ်ခံရမှု ရဲ စတင်စစ်ဆေး


အသတ်ခံရတဲ့ ကချင်စစ်ဘေးရှောင် ၂ ဦး (Khon Ja)
အသတ်ခံရတဲ့ ကချင်စစ်ဘေးရှောင် ၂ ဦး (Khon Ja)

ကချင်အမျိုးသားနှစ်ဦးအသတ်ခံရမှု ရဲစတင်စစ်ဆေး ကချင်ပြည်နယ်၊ မံစီမြို့အတွင်းက စစ်တပ် ကန့်သတ်နယ်အတွင်းမှာ မတ်လ ၈ ရက်နေ့က တွေ့ရှိခဲ့တဲ့ ကချင် စစ်ရှောင် ဒုက္ခသည်နှစ်ယောက်ရဲ့ အမှုကို စတင် စုံစမ်း စစ်ဆေးနေပြီး မျက်မြင် သက်သေ ၂ ဦးကိုလည်း ဒီကနေ့ စစ်ဆေးဖို့ ရှိနေပါတယ်။ သေဆုံးသူ နှစ်ဦးဟာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ယူဆရကြေင်း ဒီအမှုကို အစအဆုံး လိုက်ပါကူညီနေသူ တစ်ဦးက ပြောပါတယ်။ သတင်းအသေးစိတ်ကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပေးပို့ထားပါတယ်။

ကချင်စစ်ရှောင်ဒုက္ခသည် ဦးဖော်ခန်းယော်နဲ့ ဦးအင်ခွမ်နော်ဆန်း (ခေါ်) ဒေါဂျနော်ဆန်းတို့ ၂ဦး အသတ်ခံရတဲ့အမှုကို စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း မန်စီမြို့နယ်စခန်းမှူး ဦးမျိုးသန့်က ပြောပါတယ်။

“အမှုကတော့ ပနံပတ်၇ပေါ့ဗျာ အမှုကတော့ ၃၀၂နဲ့ဖွင့်ထားတယ်။ အမှုကတော့စစ်နေတုန်းပဲရှိသေးတယ်။ မိသားစုဝင်တွေဘာတွေစစ်ပြီးရင်တော့အဖြေထွက်လာမှာပေါ့”

စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့်လည်း လွန်ခဲ့တဲ့ ၂ရက်ကစလို့ အမှုနဲ့သက်ဆိုင်တဲ့သူတွေကို စတင်စစ်ဆေးနေပြီဖြစ်ကြောင်း မိသားစုနဲ့ နီးစပ်သူတဦိးဖြစ်သလို ဒီအမှုကို အစအဆုံး ကူညီဆောင်ရွက်ပေးနေတဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။ မျက်သက်သေတွေကို ဒီကနေ့မှာလည်း ထပ်မံစစ်ဆေးဖို့ ရှိနေတယ်လို့ ကူညီ ဆောင်ရွက်ပေးသူက ဆက်ပြောပါတယ်။

“မနေ့တုန်းကအဖမ်းခံရတဲ့အချိန်မှာ…မျက်မြင်သက်သေနှစ်ယောက်ပေါ့နော် သူတို့ကိုမနေ့ကစစ်ပြီးသွားပြီ။ ဒီနေ့ကျတော့ ညနေသုံးနာရီခွဲမှာပေါ့ သူတို့ကိုစခန်းမှူးကပြန်ချိန်းထားတယ်။ အသတ်ခံရတဲ့ကျေးရွာ ခပရိုင်ယန်ပေါ့နော် အဲဒီကအုပ်ချုပ်ရေးမှူးတွေသူတို့ခေါ်ထားတယ်။သူတို့နှစ်ယောက်လာမယ်ပေါ့နော်။”

သူတို့သေဆုံးရတဲ့ အကြောင်းရင်းကတော့ ဆရာဝန်ဆေးစစ်ချက် ထွက်လာမှပဲ အတည်ပြုနိုင်မယ်လို့ စခန်းမှူး ဦးမျိုးသန့်က ပြောပါတယ်။

ဒါပေမယ့် အလောင်းတွေကို တူးဖော်တဲ့နေရာမှာ ကိုယ်တိုင်လိုက်ပါဆောင်ရွက်ပေးသူကတော့ ပါးစပ်မှာ သေနတ်နဲ့ ပစ်ခံထားရတယ်လို့ယူဆရကြောင်း ပြောပါတယ်။

“ကျွန်တော်တို့ကိုယ်တိုင်သွားဖော်တဲ့နေရာကိုသွားခဲ့တယ်။ကျွန်တော်တို့ကိုယ်တိုင်မြင်ခဲ့တယ်။အခုလောလောဆယ် ဆရာဝန် စစ်ချက်ကတော့တရားရုံးရောက်မှသူတို့ထွက်လိမ့်မယ်လို့ထင်တယ်။ကျွန်တော်တို့တထစ်ချယုံကြည်လို့ရ တာကတော့ ပါးစပ်မှာသေနတ်ကိုတေ့ပြီးပစ်လိုက်တဲ့ပုံစံဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အနောက်က ဦးနောက်တွေ ဦးခေါင်းခွံကပွင့်ထွက်သွားတာခင်ဗျ။”

မျက်မြင်သက်သေတွေရဲ့ ပြောဆိုမှုတွေအရ ဒီလူ ၂ ဦးဟာ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာပဲ အသတ်ခံလိုက်ရတယ်လို့ ယူဆရကြောင်းလည်း သူကပြောပါတယ်။

သူတို့ ၂ ဦး ပျောက်သွားတဲ့အချိန်ကစလို့ မိသားစုဝင်တွေအနေနဲ့ အကြိမ်ကြိမ် လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့နိုင်ဘဲ ဖြစ်နေခဲ့ရာက နောက်ဆုံးမှာ သူတို့ကို မြုပ်ထားတဲ့နေရာကိုကွက်ပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ သစ်တောထဲမှာ အလောင်းတွေကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

“မိသားစုတွေအနေနဲ့ဖေဖော်ဝါရီလမှာ တစ်ကြိမ်သွားရှာတယ်။ အဲဒီအချိန်မှာ လူဆယ်ယောက်နဲ့သူတို့သွားရှာတယ်။ မာရှယ်လောထုတ်ထားတဲ့ကြားကသူတို့စွန့်စားပြီးရှာတော့ အဲဒီအချိန်တုန်းကသူတို့အလောင်းကို မတွေ့ခဲ့ဘူး ပေါ့။သူတို့ြ့ပန်လာတယ်၊ နာရီပိုင်းလေးပဲကြာတယ်။ မတ်လ၈ရက်သူတို့ ၂၄ယောက်နဲ့ သွားရှာတယ်။ သွားရှာတော့ နည်နည်းအချိန်ယူပြီး အခုဆုံးသွားတဲ့သူတွေရဲ့မိသားစုတွေ ပဲသွားရှာတယ်။ဆွေမျိုးအသိုင်း အဝိုင်းတွေပေါ့။ ဘယ်လောက်ပဲမာရှယ်လော ထုတ်ထားတယ်ပြောပြော တစ်စုံတစ်ခုပေါ့ သေဆုံးသွားပြီဆိုရင်လည်း သေဆုံးသွားပြီပေါ့ ။ တစ်စုံတစ်ခုတော့ပြတ်ပြတ်သားသားဖြစ်ရမယ်ဆိုပြီးတော့မှ အဲဒီနေ့ကသူတို့အချိန်ယူပြီးမှရှာတယ်။ မတ်လ ၈ရက် ၁၁နာရီ ကျော်ကျော်လေးမှာ သူတို့အလောင်းကိုတွေ့ တယ်ပေါ့”

သေဆုံးသူ ဦးဖော်ခန်းယော်နဲ့ ဦးအင်ခွမ်နော်ဆန်း တို့ ၂ ဦး ပျောက်ဆုံးပြီး (၃၇)ရက်ကြာမှ သူတို့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG