သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းနိုင်ငံရေးပါတီကြီး နှစ်ခု ပူးပေါင်းရေး စတင်ဆွေးနွေး


ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး
အင်အားကြီး ရှမ်းပါတီကြီးနှစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ဟာ နှစ်ပါတီ ပေါင်းစည်းရေး အတွက် မေလ ၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး ဒီဆွေးနွေးပွဲမှာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမူနဲ့ ၈ ပြည်နယ်မူဟာ အဓိက အကျေအလည် ဆွေးနွေးရမယ့် အချက်တွေဖြစ်နေပါတယ်။ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲင်ခဲ့ပြီး ကျားခေါင်းပါတီလို့ ခေါ်ဝေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံပါဘူး။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ဟာ နှစ်ဖက် ဒုဥက္ကဋ္ဌတွေ ဦးဆောင်ပြီး တဖက်ကို ကိုယ်စားလှယ် ၅ ယောက်စီနဲ့ လာမယ့်စနေနေ့မှာ တောင်ကြီးမြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ နှစ်ပါတီပေါင်းစည်းရေးမှာ အဓိက ဆွေးနွေးရမယ့် အချက်ကတော့ ပါတီမူဝါဒတွေ ဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်း ၁၄ခု မူနဲ့ ၈ ခု မူပဲ ဖြစ်နိုင်တယ်လို့ ကျားဖြူခေါ် SNDP ပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

“ကျနော်တို့အခု အခြေခံထားတဲ့ မူဝါဒလေးတွေ နည်းနည်း ကွဲလွဲတယ်ဗျာ။ ကျနော်တို့က ၂၀၀၈ ကို အပြည့်အဝမဟုတ်ရင်တောင်မှ တစိတ်တပိုင်းပဲ လက်ခံတဲ့အပိုင်းတွေ လက်ခံတယ်။ ရွေးကောက်ပွဲလည်း ဝင်လိုက်ပြီ။ SNLD ကျတော့ သူတို့က လက်မခံပေမယ့် ပါတီတော့ ပြန်ထောင်တယ်ဗျာ။ အဲလိုပေါ့ဗျာ။ နောက်ပြီးတော့ ဖွဲ့စည်းပုံမှာကျတော့ ကျနော်တို့က ၁၄ ယူနစ်၊ နိုင်ငံရေးအရကျတော့ ကျနော်တို့က ကိုယ်ပိုင်ပြဌာန်းခွင့်၊ SNLD ကျတော့ ၈ ပြည်နယ်။ အဲလို ကွဲလွဲချက်နေတယ်။ ကျနော်တို့ နည်းနည်း အသေးစိတ်ဆွေးနွေးရမယ့် ကိစ္စတွေပါ။”

ကျားခေါင်းပါတီလို့ ခေါ်ကြတဲ့ SNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပြည်နယ်နဲ့တိုင်းယူနစ်တွေကို နှစ်ဘက် ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။

“အစိုးရကိုယ်တိုင်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြင်ရမယ်ပေါ့နော်၊ ပြင်ဖို့ရှိတယ်ဆိုတဲ့အခါကျတော့ ကျနော်တို့လက်မခံတဲ့အပိုင်းတွေလည်း တချို့ ပြင်ကောင်းပြင်လိမ့်မယ်ပေါ့ဗျာ။ ဒါကြောင့်မို့ ညှိနှိုင်းမယ်ဆိုလို့ရှိရင်တော့ အဖြေတခုခု ထွက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ၈ ယူနစ်ပေါ့နော်။ ၈ ယူနစ်ကိုတော့ ကျနော်တို့ လုံးဝ စွဲကိုင်ထားပါတယ်။ အဲဒါလည်း ညှိနှိုင်းကြည့်ရမှာပေါ့နော်။ ကျနော်တို့ပြောတဲ့ ၈ ယူနစ်ဆိုတာကလည်း ၁၉၄၇ လွတ်လပ်ရေးရကတည်းက ကျလာတဲ့မူကိုးဗျ။ တိုင်းရင်းသားအားလုံးနဲ့ ဗမာအပါအဝင်ပေါ့နော်၊ အားလုံးလက်ခံထားတဲ့ဟာက ရှေ့ကခေါင်းဆောင်တွေ အကုန်လုံး လက်ခံထားတဲ့ဟာ၊ နောက်ကျမှ စစ်အစိုးရဝင်လာတော့မှ ဒီဥစ္စာကြီးက ပျောက်ပျက်သွားတာကိုး။ အဲဒါကို အကြေအလည်ဆွေးနွေးလို့ရှိရင်တော့လည်း အဖြေတခုခု ရနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

နှစ်ပါတီပေါင်းစည်းရေးအတွက် အခြားအခက်အခဲတွေကို ကျားဖြူခေါ် SNDP ပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက အခုလို ဆက်ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀၁၄ - မူဆယ်မှာလုပ်တဲ့ပါတီညီလာခံမှာ ညီလာခံကိုယ်စားလှယ်တွေက ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျားဖြူပါတီကိုတော့ အပျက်မခံဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေချတော့ ကျနော်တို့ ဖြတ်ထားရမယ့် ကိစ္စပေါ့။ ဆွေးနွေးတဲ့ထဲ။ သို့သော်လည်း ပူးပေါင်းမယ်ဆိုရင် ပါတီ ၂ ခုလုံးဖျက်ရမှာကိုး။ အဲဒါကတော့ ကျနော်တို့ အရင်ဆွေးနွေးရမှာပေါ့။”
SNLD ပါတီဘက်ကတော့ လိုအပ်လာရင် သူတို့ ပါတီကို ဖျက်သိမ်းပေးမှာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။ နှစ်ပါတီပူးပေါင်းရေးအတွက် SNLD ပါတီက ဖျက်သိမ်းမယ်ဆိုရင် ပူးပေါင်းရေးအတွက် အရေးကြီးဆုံးအချက်က ပါတီမူဝါဒကို နှစ်ဖက် အကျေအလည် ညှိနှိုင်းဖို့ပဲရှိနေတာဖြစ်ပါတယ်။ ရှမ်းပါတီကြီး ၂ပါတီ ပူးပေါင်းရေးကို လိုလားသူတဦးကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“၂ ပါတီပေါင်းစည်းရေး အဓိက ကတော့ မတူတာတွေ ခဏချန်ထားပြီး တူတာတွေကိုပဲ အရင် လုပ်ကြပေါ့-လို့၊ ပထမအကြိမ်တော့ ချက်ခြင်းတော့ ဖြစ်မှာမဟုတ်ဘူးလေ။ အခု ပထမဆုံးဖြစ်ရမှာက အမျိုးသားရေးကို အဓိကထား ကြည့်ရမှာပေါ့။ အမျိုးသားကောင်းစားရေးကို ကြည့်ပြီးတော့မှ အရင် အစတစ်စ ရအောင် ထုတ်ရမှာလေ။ ပြီးမှ အဲဒီမူတွေကို ဆွေးနွေးမှ ရမှာပေါ့။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ဟာ နှစ်ပါတီ ပေါင်းစည်းရေး အတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ အရင်လက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းဌာနချုပ် ဝမ်ဟိုင်းမှာကျင်းပတဲ့ ရှမ်းပြည်တပ်မတော် ရွှေရတုအခမ်းအခမ်းမှာ ပြည်တွင်းပြည်ပက သံဃာတော်တွေနဲ့ ပြည်သူတွေကို ရှမ်းနိုင်ငံရေးပါတီ ၂ ပါတီပူးပေါင်းရေးနဲ့ ရှမ်း လက်နက်ကိုင်၂ ဖွဲ့ ပူးပေါင်းရေးကို လက်မှတ်ရေးထိုးတောင်းဆိုခဲ့တဲ့နောက် အခုလို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဦးခွန်ထွန်းဦးခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ၂၃ နေရာနဲ့ ဒုတိယ မဲအများဆုံးရတဲ့ပါတီ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုတော့ သပိတ်မှောက်ပြီး မပါဝင်ခဲ့ပါဘူး။ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်တဲ့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွက် ၃၇ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၈ နေရာနဲ့ အမျိုးသားလွှတ်တော်အတွက် ၃ နေရာ အနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။
XS
SM
MD
LG