သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုးယူ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသည်နှစ်ဦး ပျောက်ဆုံး လေယာဉ်မှာ လိုက်ပါ


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးများ ဘေဂျင်းလေဆိပ်မှာ တွေ့ရစဉ်။ (မတ်လ ၈၊ ၂၀၁၄)
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးများ ဘေဂျင်းလေဆိပ်မှာ တွေ့ရစဉ်။ (မတ်လ ၈၊ ၂၀၁၄)
ပျောက်ဆုံးနေတဲ့လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်နှစ်ဦးဟာ အခိုးခံရတဲ့နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ ဖြစ်နေတယ်လို့ တာဝန်ခံအရာရှိတွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၂၃၉ ဦးလိုက်ပါသွားတာဖြစ်ပြီး လေယာဉ်ခရီးစဉ်နဲ့လိုက်ပါဖို့ စာရင်းပေးထားတဲ့ အီတလီနိုင်ငံသားတစ်ဦးနဲ့ သြစတြီးယားနိုင်ငံသားတစ်ဦးတို့ဟာ မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူကနေ တရုတ်နိုင်ငံ၊ ဘေဂျင်းပျံသန်းမယ့်လေယာဉ်ပေါ်မှာ ပါမသွားခဲ့ပါဘူး။ သူတို့နှစ်ဦးစလုံးရဲ့ နိုင်ငံကူးလက်မှတ်တွေဟာ ပြီးခဲ့တဲ့နှစ်နှစ်ကတည်းက ထိုင်းနိုင်ငံမှာ အခိုးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့စာရွက်စာတန်းတွေကို ခိုးယူပြီး လေယာဉ်ပေါ်လိုက်ပါသွားသူနှစ်ဦးကတော့ ဘယ်သူတွေဆိုတာ အခုထိ မသိရသေးပါဘူး။

လေယာဉ်ပျံ မတော်တဆ တစ်ခုခုဖြစ်ပြီး ပျောက်ဆုံးနေတယ်လို့ သတ်မှတ်ပြီး ဆက်လက်ရှာဖွေနေပါတယ်လို့ အမေရိကန်အရာရှိတွေက ပြောပေမယ့် မလေးရှားအာဏာပိုင်တွေကတော့ ဘာမှ ထုတ်မပြောသေးပါဘူး။ ဗီယက်နမ်ကယ်ဆယ်ရေးအဖွဲ့ လေယာဉ်မှူးတွေကတော့ နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသမှာ ဆီတွေယိုဖိတ် ပျံ့နှံ့နေတဲ့ အကွက်ကြီးနှစ်ကွက်ကို တွေ့ရပေမယ့် အပျက်အစီးအစအန တစုံတရာတော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ဒီပျောက်ဆုံးလေယာဉ်ကို တရုတ်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ရေကြောင်းကရော လေကြောင်းကပါ ဝိုင်းဝန်းပြီး ရှာဖွေပေးနေကြတာပါ။

မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH ၃၇၀ ဟာ ကွာလာလာမ်ပူကနေ ဘေဂျင်းသွားဖို့အတွက် စတင်ပျံသန်းအပြီး နာရီပိုင်းလောက်မှာပဲ ရေဒါစက်ကွင်းပေါ်ကနေ ပျောက်ကွယ်သွားတာပါ။ လိုက်ပါသွားတဲ့ ခရီးသည်အများစုက တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီလေယာဉ် မပျောက်ကွယ်ခင်အထိ အကူအညီတောင်းတာမျိုး အဆက်အသွယ်မရခဲ့ပါဘူးလို့ လေယာဉ်လမ်းကြောင်း ထိန်းသိမ်းရေးအရာရှိတွေက ပြောပါတယ်။
XS
SM
MD
LG