သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ferguson မှာ ရဲအရာရှိနှစ်ဦး ပစ်ခံရ


 Ferguson ရဲအရာရှိနှစ်ဦး အပစ်ခံရ (မတ် ၁၂၊ ၂၀၁၅)
Ferguson ရဲအရာရှိနှစ်ဦး အပစ်ခံရ (မတ် ၁၂၊ ၂၀၁၅)

အမေရိကန် တရားရေး ဝန်ကြီးဌာနက လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုတွေ ရှိတယ်လို့ စွပ်စွဲထားတဲ့ Missouri ပြည်နယ်၊ Ferguson မြို့က ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ နှုတ်ထွက် သွားပြီး နာရီပိုင်း အတွင်းမှာပဲ ရဲတပ်ဖွဲ့ဝင် ၂ ဦးဟာလည်း သေနတ်နဲ့ အပစ်ခံခဲ့ရပါတယ်။ ဖာဂူဆန်ရဲဌာနရှေ့မှာ ဆန္ဒပြပွဲဖြစ်ပွားနေစဉ် ကြာသပတေးနေ့ မနက်ပိုင်းမှာပဲ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ပစ်ခတ်ခံခဲ့ရတဲ့ အထဲက ရဲတပ်ဖွဲ့ဝင်တဦး တာဝန်ကျရာ St. Louis ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ Jon Belmar ကတော့ ရဲအရာရှိတဦး မျက်နှာမှာ ဒဏ်ရာရခဲ့ပြီး၊ နောက်တဦးကတော့ ပုခုံးမှာ ဒဏ်ရာရသွားတယ် လို့ ပြောပါတယ်။ သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၂ ယောက်စလုံး သတိကောင်းကောင်း ရနေပေမဲ့၊ ဒဏ်ရာပြင်းထန်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်နေတာ သက်သက်ကြောင့် သူတို့အပစ်ခံခဲ့ရတာဖြစ်ပြီး ပစ်တဲ့လူဟာလည်း ဆန္ဒပြသမားတွေနဲ့ ရောထွေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ တချို့ကတော့ ရဲစခန်းနဲ့ မျက်နှာချင်းဆိုင် တောင်ကုန်းပေါ်က ပစ်ခတ်ပုံရတယ်လို့ ပြောဆိုနေကြတာပါ။ ပစ်ခတ်မှု ဖြစ်ပွားအပြီးမှာတော့ ရဲစခန်းအပြင်ဖက်မှာ ရဲတပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့် ချထားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာတုန်းက လက်နက်မဲ့ လူမည်းလူငယ်တဦးဖြစ်တဲ့ Michael Brown နဲ့ လမ်းပေါ်မှာ ထိပ်တိုက်ရင်ဆိုင် ပြဿနာဖြစ်ရာက လူဖြူရဲအရာရှိ Darren Wilson က သေနတ်နဲ့ အသေပစ်ခတ်ခဲ့တဲ့အတွက် ဆန္ဒပြအုံကြွမှုတွေ ၇ လအထိ ရှိလာတဲ့ အချိန်မှာပဲ မနေ့တုန်းကတော့ ဖာဂူဆန်ရဲတပ်ဖွဲ့ အကြီးအကဲ Thomas Jackson နှုတ်ထွက်စာ တင်ခဲ့တာပါ။ အမေရိကန် တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာတော့ ဖာဂူဆန်ရဲတပ်ဖွဲ့ဟာ လူများစုမြို့ခံ လူမည်းတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိတယ်လို့ အပြစ်တင်ထားပါတယ်။

XS
SM
MD
LG